တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းအတွက် နှောက်ယှက်မှုများကို လက်မခံရန် အာဆီယံကို တရုတ်တိုက်တွန်း

ဓာတ်ပုံ - Getty Images
ပုံစာ - တောင်တရုတ်ပင်လယ်အတွင်းသို့ ငါးဖမ်းထွက်မည့် လှေများကို ဆိပ်ကမ်းတစ်ခုတွင် တွေ့ရစဉ်။

အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်အတွင်း လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း (Code of Conduct – CoC) နှင့် ပတ်သက်၍ နှောင့်ယှက်မှုများကို လက်မခံရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တရုတ်နိုင်ငံက မေလ ၁၁ ရက်တွင် တိုက်တွန်း လိုက်သည်။

“တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတစ်ရပ် ဖော်ဆောင်ခြင်းဟာ တောင်တရုတ်ပင်လယ်ဘက်အသီးသီး၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာချက် (DoC) ကို အကောင်အထည်ဖော်တဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်သလို၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြားက အရေးကြီးတဲ့ သဘောတူညီချက်လည်း ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်ကျားကွန်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

၂၀၀၂ ခုနှစ်ကတည်းက အဆိုပါကြေညာချက်ကို ဆွေးနွေးလာခဲ့ကြသည့် တရုတ်နှင့် အာဆီယံတို့အကြား ယခုစာတမ်းသည် “သဘောထားကွဲလွဲမှုများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန်၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် တောင်တရုတ်ပင်လယ်ကို ငြိမ်းချမ်းတည်ငြိမ်အောင် ထိန်းသိမ်းရန်” အထောက်အကူပြုလိမ့်မည်ဟု ကော့က ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် အဆိုပါစာတမ်းပါ အချက်အလက်များအပေါ် အနီးကပ် ညှိနှိုင်းဆွေးနွေးနေကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သော အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသော ကျင့်ဝတ်စည်းကမ်း (CoC) တစ်ရပ် လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် တရုတ်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပင်လယ်ပြင်ပိုင်နက် အရေးဆိုမှုများနှင့် ပတ်သက်၍ တရုတ်နှင့် တင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူထားခြင်းဖြစ်သည်။

မေလ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးပြည်နယ်တွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး၌ “ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံက ဦးဆောင်သည့် ယန္တရားများကို အထောက်အကူပြုရန်” ဖိလစ်ပိုင်နိုင်ငံ၌ အာဆီယံ ပင်လယ်ပြင်ဆိုင်ရာ ဗဟိုဌာန (ASEAN Maritime Center) တစ်ခု တည်ထောင်ရန်လည်း သဘောတူညီခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးနောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက တောင်တရုတ်ပင်လယ်အတွင်း အခြေအနေမှာ ပိုမို ခန့်မှန်းရခက်လာသည် ဟု သတင်းထောက်များကို ပြောကြားသည်။

“အာဆီယံအဖွဲ့ဝင်တွေအတွက် အကျုံးဝင်မယ့် ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ မူဝါဒတွေအတွက် ကိုင်တွယ်ဆောင်ရွက်မယ့် ဌာနတစ်ခု ရှိဖို့က ပိုပြီးတော့ အရေးကြီးလာပါတယ်၊ ဒီဌာနဟာ ဘယ်အင်အားစု ဒါမှမဟုတ် ဘယ်နိုင်ငံကိုမဆို ထိပ်တိုက်ရင်ဆိုင်ဖို့ ဒါမှမဟုတ် တွန်းလှန်ဖို့ မဟုတ်ပါဘူး” ” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ လုပ်ဆောင်နေတာက တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ငြိမ်းချမ်းစွာ သွားလာနိုင်ရေးအတွက် ဖြစ်ပါတယ်” ဟုလည်း ဖိလစ်ပိုင်သမ္မတက ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်မှု၏ အလွန်ကြီးမားသော ရာခိုင်နှုန်းသည် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းသွားလာနေကြောင်း မားကို့စ်က ထောက်ပြခဲ့သည်။

“ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုမှာ တွေ့မြင်ခဲ့ရတဲ့အတိုင်းပါပဲ၊ အဲဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံထောက်ပံ့မှု တစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါရဲ့ သက်ရောက်မှုတွေကို ကျွန်တော်တို့အားလုံး ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ တောင်တရုတ်ပင်လယ်မှာသာ အဲဒီလိုမျိုး ဖြစ်လာခဲ့ရင် မလွဲမသွေ ကြုံတွေ့ရမယ့် အကျိုးဆက်တွေဟာ တွေးကြည့်ရုံနဲ့တင် ထိတ်လန့်စရာကောင်းပါတယ်” ဟု ၎င်းက သတိပေးခဲ့သည်။