ဗုံးကြဲသူထံ လူသားစာနာ အကူအညီအပ်နေခြင်းမှာ နိုင်ငံရေးအမြတ်ထုတ်မှုသာဖြစ်ဟု NUG က အာဆီယံကို ပြတ်သားစွာထောက်ပြ

ဓာတ်ပုံ-လူမှုကွန်ရက်

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသော ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့တွင် ထုတ်ပြန်ချက် (၄/၂၀၂၆) ကို ထုတ်ပြန်ကာ အာဆီယံ၏ လုပ်ဆောင်ချက်အချို့ကို မှတ်သားကြောင်းနှင့် လက်တွေ့ကျသော ဖိအားပေးမှုများ လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။

NUG အနေဖြင့် အာဆီယံ၏ “Navigating Our Future, Together” ဟူသော ဆောင်ပုဒ်ကို အသိအမှတ်ပြုသော်လည်း အဆိုပါ အနာဂတ်ခရီးစဉ်တွင် မြန်မာပြည်သူလူထုအား ချန်လှန်ထားခြင်းမပြုရန် ၊ အထူးသဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချသည့် အာဆီယံ၏ ရပ်တည်ချက်ကို ကြိုဆိုသော်လည်း ထိုရှုတ်ချမှုများသည် တာဝန်ခံမှုရှိစေမည့် ခိုင်မာသည့်ယန္တရားများနှင့် တွဲဖက်ပါဝင်ရန် လိုအပ်နေကြောင်း ဆိုသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “NUG ရဲ့ ထုတ်ပြန်ချက်မှာ အဓိကအချက်က အာဆီယံကို ဟန်ပြရှုတ်ချနေတာမျိုးထက် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တိကျတဲ့ စံသတ်မှတ်ချက်တွေ ချမှတ်ပေးဖို့ တောင်းဆိုလိုက်တာပဲ။ ဒါက မြေပြင်က ပြည်သူတွေ တကယ့်ကို နေ့စဉ်ခံစားနေရတဲ့ ငရဲခန်းကို အာဆီယံအနေနဲ့ မျက်ကွယ်မပြုသင့်ဘူးဆိုတာကို သတိပေးလိုက်တာပါ” ဟု သုံးသပ်သည်။

အထူးသဖြင့် စစ်ကော်မရှင်၏ တစ်ဖက်သတ်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးစီးမှုအပေါ် အာဆီယံ၏ အသိအမှတ်ပြုမှုကို NUG က သတိပြုမိကြောင်း ဆိုသော်လည်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးအကျဉ်းသားများ ရှိနေဆဲ အခြေအနေတွင် ပြုလုပ်သည့် မည်သည့်ရွေးကောက်ပွဲမဆို ဒီမိုကရေစီနည်းကျ တရားဝင်မှုမရှိကြောင်း ခိုင်မာစွာ ထပ်လောင်းအတည်ပြုလိုက်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွင် AHA Center ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသော်လည်း စစ်ကော်မရှင်က ထိန်းချုပ်ထားသော ယန္တရားများမှတစ်ဆင့်သာ ပေးအပ်သည့် မည်သည့်အကူအညီမဆို နိုင်ငံရေးအမြတ်ထုတ်ခံရနိုင်ကြောင်း NUG က သတိပေးထားသည်။

ထို့ပြင် ထိရောက်သော အကူအညီများအတွက် နယ်မြေအများအပြားကို စီမံအုပ်ချုပ်နေသည့် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ညှိနှိုင်းရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်ကော်မရှင်ဆီကို အကူအညီတွေ အပ်နေတာက ခိုးသားဆီမှာ ပစ္စည်းအပ်ထားသလိုပဲ။ တကယ့်ကို အကူအညီလိုနေတဲ့ ဗုံးကြဲခံရတဲ့ ဒေသတွေဆီ အကူအညီတွေ ရောက်ဖို့ဆိုရင် မြေပြင်စိုးမိုးထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်လက်တွဲဖို့ အာဆီယံမှာ သတ္တိရှိဖို့ လိုနေပြီ” ဟု ဝေဖန်သည်။

အာဆီယံအထူးကိုယ်စားလှယ် H.E. Ma. Theresa P. Lazaro ၏ ထိတွေ့ဆက်ဆံမှုများကို NUG က ကြိုဆိုထားပြီး အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်သတ်မှတ်ချက်များတွင် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား တရားဝင်သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြုကာ စနစ်တကျ ထိတွေ့ဆက်ဆံရေးကို အတိအလင်း ထည့်သွင်းရန် တိုက်တွန်းထားသည်။

နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးမှုနှင့်ပတ်သက်၍ အာဆီယံ၏ မှတ်သားချက်ကို NUG က အသိအမှတ်ပြုသော်လည်း ထိုဆောင်ရွက်ချက်များမှာ လုံးဝ လုံလောက်မှုမရှိကြောင်း ၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အခြေအနေမှာလည်း ယနေ့တိုင် ရှင်းလင်းမှုမရှိသေးဘဲ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာမှာ မတရားသဖြင့် ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း ထောက်ပြထားသည်။

“သမ္မတကြီးနဲ့ အမေစုကို နေရာပြောင်းတယ်ဆိုတာက စစ်ကော်မရှင်ရဲ့ နိုင်ငံတကာကို မျက်လှည့်ပြတဲ့ လုပ်ရပ်တစ်ခုပဲ။ တကယ့်ကို ငြိမ်းချမ်းရေးလိုချင်ရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အခုချက်ချင်း လွှတ်ပေးရမှာပါ။ အာဆီယံအနေနဲ့ စစ်ကော်မရှင်ရဲ့ ခြေလှမ်းအတုတွေကို အယုံမလွယ်ဖို့ လိုတယ်” ဟု ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

NUG အနေဖြင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို မှတ်သားထားပြီး ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ် အနေဖြင့် အပြည့်အဝ ပါဝင်ပံ့ပိုးလိုသည့် ဆန္ဒကိုလည်း ထပ်လောင်းအတည်ပြုထားသည်။

ငြိမ်းချမ်းပြီး တည်ငြိမ်သော မြန်မာနိုင်ငံသည် အာဆီယံဒေသတစ်ခုလုံး၏ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အခြေခံကျကြောင်း NUG က အလေးအနက် ဖော်ပြထားပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဘုံရည်မှန်းချက်များအတွက် အာဆီယံဥက္ကဋ္ဌ၊ Troika အဖွဲ့နှင့် အထူးကိုယ်စားလှယ်တို့နှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း NUGက ကမ်းလှမ်းထားသည်။

NUG ၏ ယခုထုတ်ပြန်ချက်သည် အာဆီယံအနေဖြင့် စစ်ကော်မရှင်၏ ဟန်ပြလုပ်ရပ်များအပေါ် ကျေနပ်မနေဘဲ မြေပြင်အရှိတရားကို လက်ခံကာ တော်လှန်ရေးအင်အားစုများနှင့် တရားဝင် လက်တွဲဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။