မုံရွာစစ်တပ် ဓာတ်တိုင်ပေါ်တက်ကာ လျှပ်စစ်မီးကြိုးများ ဖျက်ဆီးသဖြင့် ရွာအချို့ မီးမရတော့

ဓာတ်ပုံ-Monywa Revolution
ပုံစာ- မုံရွာမြို့ပေါ်တွင် လှည့်လည်အကြမ်းဖက်နေသော စစ်တပ်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်တွင် စစ်တပ်က လျှပ်စစ်မီးကြိုးများကို ဖြုတ်ချဖျက်ဆီးသွားသဖြင့် ကျေးရွာအချို့ မီးမရတော့ကြောင်း သိရသည်။

မေလ၁၁ရက်တွင် မုံရွာမြို့၊သာစည်လမ်းတစ်လျှောက်နှင့် အမြောက်တပ်အနီးတွင် စစ်သားအင် အား အများအပြား ကင်းချကာ အမြောက်တပ်ထဲသို့ ရိက္ခာပို့ပြီးနောက် မင်္ဂလာကုန်း၊ကျောက်စစ်ပုံ တောင်နှင့် ကြက်ဇုန်ဝန်းသို့ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများအား ဖြုတ်ချသွားခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့ (မေ၁၂ရက်) သတင်းထုတ်ပြန်သည်။

“မီးကြိုးတွေက သူတို့ကို ဘာမှ ဒုက္ခပေးတာမဟုတ်ဘူး။သူ့ဘာသာ ဓာတ်တိုင်ပေါ်မှာ ရှိနေတာ။ဒီ မီးကြိုးတွေ ရှိနေလို့လည်း သူတို့လုံခြုံရေးကို ထိခိုက်တာလည်း မဟုတ်ဘူး။အဲဒါကို ဓာတ်တိုင်ပေါ် တက်ပြီး တကူးတက မီးကြိုးဖြတ်သွားတာလို့ သိရတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူ တစ်ဦးက MPA သို့ပြောသည်။

စက်သုံးဆီအခက်အခဲများရှိနေသည့်အချိန်တွင် လျှပ်စစ်မီး ဖြတ်တောက်ခံရခြင်းကြောင့် တောင်သူနှင့် ဒေသခံပြည်သူတို့ အခက်အခဲများ ကြုံတွေ့နေကြရကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

“ဟိုလိုကြီး ညွှန်ကြားချက်အရ မီးကြိုးဖြတ်တာတော့ မဟုတ်လောက်ဘူး။လမ်းကြုံ ပြည်သူကို ဒုက္ခ ပေးတဲ့သဘောပါ။စစ်တပ်မှာက သူတို့ရဲ့ဗီဇသွေးသားထဲမှာကို ပြည်သူကို ဒုက္ခပေးချင်တဲ့ အဖျက် ဓာတ် ရှိတယ်။ကျောက်စစ်ပုံတို့ဘာတို့ဆိုတာက ရွာကြီးတွေ”ဟု ၎င်းက ဆက်လက်ပြော သည်။

မုံရွာမြို့ပေါ်တွင်လည်း စစ်တပ်က နေ့စဉ် ပေါ်တာဆွဲကာ ပြည်သူကို ဒုက္ခပေးလျက်ရှိကြောင်း သိရသည်။