အမေရိကန်နိုင်ငံ၊ အာကေးဒီးယားမြို့၏ မြို့တော်ဝန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ တရားမဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့မှုဖြင့် ဖက်ဒရယ်တရားရုံးတွင် တရားစွဲဆိုခံထားရကြောင်း အမေရိကန် တရားရေးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အသက် ၅၈ နှစ်အရွယ်ရှိ အာကေးဒီးယားမြို့တော်ဝန် အိုင်လင်းဝမ် (Eileen Wang) သည် နိုင်ငံခြားအစိုးရတစ်ခု၏ တရားမဝင်ကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံအတွင်း လှုပ်ရှားခဲ့မှုဖြင့် စွဲချက်တင်ခံရခြင်းဖြစ်သည်။ ၎င်းသည် အဆိုပါပြစ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံရန် သဘောတူညီထားပြီး ပြစ်မှုထင်ရှားပါက ဖက်ဒရယ်အကျဉ်းထောင်တွင် အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ်ရှိသည်။
အိုင်လင်းဝမ်သည် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်အစိုးရအရာရှိများ၏ ညွှန်ကြားမှုနှင့် ထိန်းချုပ်မှုအောက်တွင် တရုတ်အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီး “U.S. News Center” အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်ကာ ဒေသခံ တရုတ်-အမေရိကန် အသိုင်းအဝိုင်းအတွက် သတင်းရင်းမြစ်အဖြစ် ဟန်ပြလုပ်ဆောင်ခဲ့သည်။
သို့သော် လက်တွေ့တွင် တရုတ်အစိုးရထံမှ တိုက်ရိုက်ညွှန်ကြားချက်များကို ရယူကာ တရုတ်လိုလားသော ဝါဒဖြန့်ဆောင်းပါးများကို ဖော်ပြပေးခဲ့ခြင်းဖြစ်သည်။
ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက တရုတ်အစိုးရအရာရှိတစ်ဦးသည် WeChat မှတစ်ဆင့် ဝမ်ထံသို့ ကြိုတင်ရေးသားထားသော ဆောင်းပါးများ ပေးပို့ခဲ့ကြောင်း၊ ယင်းဆောင်းပါးများတွင် ရှင်ကျန်း (Xinjiang) ဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှုမရှိကြောင်းနှင့် အဓမ္မစေခိုင်းသည့် လုပ်အားပေးမှုများမရှိကြောင်း စသည့် တရုတ်အစိုးရ၏ ဝါဒဖြန့်စကားများကို ဖော်ပြထားသည်။
ဝမ်သည် အဆိုပါဆောင်းပါးကို မိနစ်ပိုင်းအတွင်း ၄သ်ဒ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြပေးခဲ့ပြီး တရုတ်အရာရှိထံသို့ “ခေါင်းဆောင်ကြီး ရှင့်၊ ကျေးဇူးတင်ပါတယ်” ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဝမ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင်သူ၊ တရုတ်စုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်သူ ဂျွန်ချန် (John Chen) နှင့် ဆက်သွယ်ခဲ့ပြီး ဝမ်က ချန်ထံသို့ ဆောင်းပါးတစ်ပုဒ် ပေးပို့ကာ “ဒါက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့ခိုင်းတာပါ” ဟု ပြောကြားခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
ဂျွန်ချန်သည်လည်း တရုတ်အစိုးရအတွက် တရားမဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှု၊ အစိုးရအရာရှိတစ်ဦးကို လာဘ်ထိုးရန် ကြံစည်မှုတို့ဖြင့် ထောင်ဒဏ် ၂၀ လ ချမှတ်ခြင်းခံထားရပြီးဖြစ်သည်။
အမေရိကန် ရှေ့နေချုပ် ဘီလ် အက်စေးလီ (Bill Essayli) က “ကိုယ့်နိုင်ငံထဲမှာ နိုင်ငံခြားအစိုးရတွေရဲ့ အလိုကျ လျှို့ဝှက်လုပ်ဆောင်နေသူတွေဟာ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီကို ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံရဲ့ ကျွန်ုပ်တို့ရဲ့ အဖွဲ့အစည်းတွေကို အကျင့်ပျက်ခြစားအောင် လုပ်ဆောင်မှုတွေကနေ ကာကွယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
အက်ဖ်ဘီအိုင် (FBI) ၏ လက်ထောက်ညွှန်ကြားရေးမှူး ရိုမန် ရိုဇာဗစကီး (Roman Rozhavsky) ကလည်း “အိုင်လင်းဝမ်ဟာ သူမကိုယ်တိုင် ဝန်ခံချက်အရ တရုတ်အစိုးရရဲ့ အကျိုးစီးပွားအတွက် လျှို့ဝှက်အလုပ်အကျွေး ပြုခဲ့ပါတယ်။ ဒီမိုကရေစီကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို ဖော်ထုတ်ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ အရေးယူသွားမှာပါ” ဟု သတိပေးပြောကြားခဲ့သည်။
အိုင်လင်းဝမ်သည် ၎င်းအနေဖြင့် တရုတ်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေကြောင်း အမေရိကန် ရှေ့နေချုပ်ထံ အသိပေးအကြောင်းကြားခြင်း မရှိခဲ့သလို၊ ဝက်ဘ်ဆိုက်ရှိ အကြောင်းအရာအချို့မှာ တရုတ်အစိုးရ၏ ညွှန်ကြားမှုဖြင့် ဖော်ပြခြင်းဖြစ်ကြောင်းကိုလည်း ပြည်သူလူထုအား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ လက်ရှိတွင် အက်ဖ်ဘီအိုင်က ဤအမှုကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
