တွန်းဇံမြို့သို့ စစ်တပ် ဦးတည်လာနေသဖြင့် CDF – Tonzang လမ်းပိတ်

ဓာတ်ပုံ - The Chin Journal
ပုံစာ - ၂၀၂၄ ခုနှစ်အတွင်း တွန်းဇံမြို့နယ်၌ တွေ့ရသော ချင်းလဲန်းကောင်စီပူးပေါင်းတပ်များ။

ချင်းပြည်နယ်၊ တွန်းဇံမြို့သို့ စစ်တပ် ဦးတည်လာနေသောကြောင့် CDF – Tonzang က လမ်းပိတ်လိုက်ကြောင်း သိရသည်။

မေလ ၁၁ရက်၊ နံနက်ပိုင်းက စစ်တပ်ထိန်းချုပ်ထားသည့် တီးတိန်မြို့မှ အင်အား ၈၀၀ ခန့်ပါ စစ်ကြောင်းသည် CDF – Tonzang ထိန်းချုပ်ထားသည့် တွန်းဇံမြို့သို့ ဦးတည်ထွက်ခွာလာပြီးနောက် တီးတိန်- တွန်းဇံလမ်းပိုင်းကို CDF – Tonzang က ပိတ်လိုက်ခြင်းဖြစ်ကြောင်း တွန်းဇံမြို့ စစ်ရေးသ တင်းရင်းမြစ်တစ်ဦးထံက သိရသည်။

” ခလရ ၂၉၆ တပ်ရင်းထဲကနေ ထွက်လာတယ်လို့ သိရတယ်။ တွန်းဇံမြို့ဘက်ကို ထွက်သွားပေမဲ့ ဘယ်အထိ ဦးတည်မလဲစောင့်ကြည့်ရမယ်။ ဒါဟာ တွန်းဇံမြို့ကို ပြန်သိမ်းဖို့ ပထမခြေလှမ်း လှမ်း တာလို့တော့ မြင်တယ်။ နောက်ပြီး နယ်မြေကျွမ်းကျင်တဲ့ ZRA လည်းပါတော့ ပိုပြီး သတိကြီးကြီး ထားရမယ် ” ဟု ၎င်းက MPA ကို ပြောသည်။

ယင်းသို့ စစ်ရေးအခြေအနေတင်းမာလာမှု၊ ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့် လုံခြုံရေးအ ခြေအနေ စိုးရိမ်ရမှုများကြောင့် ပြည်သူများ၏ ဘေးအန္တရာယ်ကို ငဲ့ကွက်ကာ အဆိုပါလမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း CDF – Tonzang က ထုတ်ပြန်ထားသည်။

” တွန်းဇံမြို့ကို ကာကွယ်ဖို့အတွက် ပူးပေါင်းတပ်တွေ အခိုင်အမာရှိပါတယ်။ မြို့လုံခြုံရေးအတွက် သေချာပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

တွန်းဇံမြို့သို့ လာသည့် စစ်ကြောင်းနှင့်အတူ စစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA – EC) လည်း ပါကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်ခွာလာသော စစ်သား ၆၀၀ကျော်တို့သည် မေလ၈ရက်က တီးတိန်မြို့သို့ ရောက်ရှိခဲ့သည်။

တွန်းဇံမြို့ကို ၂၀၂၄ခုနှစ်၊ မေလအတွင်း ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီး ယနေ့အထိ ထိန်းချုပ်ထားဆဲဖြစ်သည်။