အမေရိကန်က အရန်သိုလှောင်ထားသည့် ရေနံစိမ်းစည် ၅၃ သန်း ကျော်ကို ထုတ်ချေးမည်

ဓာတ်ပုံ - REUTERS
ပုံစာ - အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဖရီးပို့တ်မြို့ရှိ Bryan Mound အရန်ရေနံ သိုလှောင်ကန်

အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် မြင့်တက်လာသည့် ကမ္ဘာ့ရေနံဈေးကွက်ကို ပြန်လည်တည်ငြိမ်စေရန်အတွက် အမေရိကန်၏ မဟာဗျူဟာမြောက် အရန်ရေနံသိုလှောင်ရုံ (SPR) မှ ရေနံစိမ်းစည်ပေါင်း ၅၃ ဒသမ၃ သန်းကို စွမ်းအင်ကုမ္ပဏီများထံ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ထရန့်အစိုးရက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်လက စွမ်းအင်ဝန်ကြီးဌာနသည် SPR မှ ရေနံစည်ပေါင်း ၉၂ ဒသမ၅ သန်း ထုတ်ချေးရန် ကမ်းလှမ်းခဲ့သော်လည်း Exxon Mobil၊ Trafigura နှင့် Marathon Petroleum အပါအဝင် ကုမ္ပဏီ ၉ ခုက ကမ်းလှမ်းချက်၏ ၅၈ ရာခိုင်နှုန်းခန့်ကိုသာ ချေးယူခဲ့ကြခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနသည် ယခုနွေဦးကာလအတွင်း SPR မှ ရေနံစည်ပေါင်း ၈၀ သန်းခန့်ကို ထုတ်ချေးထားပြီးဖြစ်ကာ စုစုပေါင်း စည်ပေါင်း ၁၇၂ သန်းအထိ ထုတ်ပေးရန် ရည်မှန်းထားသည်။ အဆိုပါ ပမာဏမှာ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ ကျော်နှင့် မတ်လအတွင်းက သဘောတူညီခဲ့သည့် ရေနံစည် ၄၀၀ သန်း ထုတ်ပေးမည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

IEA အကြီးအကဲ ဖာတစ် ဘီရောလ် (Fatih Birol) က ယခုစစ်ပွဲကြောင့် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်နေရသည်ဟု ဆိုသည်။

စစ်ပွဲကြောင့် ရေနံတင်ပို့မှု ပြတ်တောက်မှုများ ဆက်ရှိနေပါက အရန်သိုလှောင်ရုံများမှ ရေနံများကို ထပ်မံထုတ်ပေးရန် အသင့်ရှိကြောင်းလည်း မေလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ အဖွဲ့ဝင်နိုင်ငံများသည် ရရှိနိုင်သော အရန်ရေနံလက်ကျန်၏ ၂၀ ရာခိုင်နှုန်းကို ထုတ်ပေးထားပြီးဖြစ်သည်။

မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများသည် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်လွှတ်တော်အတွင်း အနိုင်ရရှိရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီအတွက် စိုးရိမ်စရာ အန္တရာယ်တစ်ခု ဖြစ်လာသည်။

အမေရိကန် AAA မော်တော်ယာဉ်ကလပ်၏ အချက်အလက်များအရ မေလ ၁၁ ရက်တွင် အမေရိကန်၏ ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလန်လျှင် ပျမ်းမျှ ၄ ဒသမ၅၂ ဒေါ်လာအထိ ရှိလာပြီး ၎င်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။

တက္ကဆက်နှင့် လူဝီစီယားနားပြည်နယ် ကမ်းရိုးတန်းရှိ နေရာလေးခုတွင် မြေအောက်လှိုဏ်ဂူများဖြင့် သိုလှောင်ထားသော SPR တွင် လက်ရှိ၌ ရေနံစည်ပေါင်း ၃၈၄ သန်းခန့်ရှိပြီး ယင်းပမာဏမှာ တစ်ကမ္ဘာလုံး၏ လေးရက်စာ အသုံးပြုမှုထက်ပင် လျော့နည်းနေသည်။