ဒဏ်ခတ်ပိတ်ဆို့မှုများကို ခုခံနိုင်စွမ်းရှိသည့် အသက်ကယ်ဆေး စစ်အုပ်စုတွင် အပြည့်အစုံ ရှိနေဆဲ ဟုဆို

ဥရောပသမဂ္ဂ(အီးယူ)က ဒဏ်ခတ်ပိတ်ဆို့မှုကို သက်တမ်းတိုးလိုက်ခြင်းသည် စစ်အုပ်စုအတွက် ကြီး မားသည့် နိုင်ငံရေးဖိအားတစ်ရပ် ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးအား အသက်ဝင်စေမည့် အသက်ကယ်ဆေးများ အပြည့်အစုံ ဆက်ရှိနေဆဲဖြစ်ကြောင်း Blood Money က ဆိုသည်။

စစ်အုပ်စု အကြမ်းဖက်စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် ဝင်ငွေလမ်းကြောင်းများကို ဖြတ် တောက်ရန် နိုင်ငံတကာအစိုးရများ အထူးသဖြင့် အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါ၊ ဩစတြေးလျ စသည့် နိုင်ငံအားလုံး အတူတကွ အရေးယူမှု (Coordinate Sanctions) ချမှတ်ရမှာ ဖြစ်ကြောင်း Blood Money က မေ၁၃ရက်ညက ထုတ်ပြန်သည်။

“ ဒါပေမဲ့၊ ဒီလို အရေးယူတာ အလွန်အားနည်းနေဆဲပါ။ ငွေကြေးစီးဆင်းမှု၊ ဘဏ်သုံးစွဲမှု၊ ရေကြောင်း အာမခံနဲ့ လေယာဉ်ဆီ ကွင်းဆက် အားလုံးကို နိုင်ငံတကာ ပူးပေါင်းမှု အတူတကွ အရေးယူမှုတွေ ပြုလုပ်ရမှာပါ”ဟု Blood Money ကဆိုသည်။

Myanma Oil and Gas Enterprise (MOGE) ၏ ငွေပေးချေမှုလမ်းကြောင်းများကို တိုက်ရိုက် ပိတ်ဆို့ရန်၊ ဒေါ်လာ၊ ယူရို၊ ဘတ် အားလုံးကို ကန့်သတ်ရန်နှင့် Oilfield services company တို့၏ နည်းပညာနှင့် ဝန်ဆောင်မှုများကိုပါ ဒဏ်ခတ်ပိတ်ဆို့ရန်လည်း ထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် Myanma Foreign Trade Bank (MFTB) ၊ မြန်မာ့စီးပွားရေးဘဏ် Myanma Economic Bank (MEB )နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် Myanmar Agricultural Development Bank (MADB)တို့ကို စစ်အုပ်စုက နိုင်ငံတကာ ငွေလွှဲလမ်းကြောင်းများတွင် အဓိက အသုံးပြုနေသည့်အတွက် လက်နက်၊ လေယာဉ်၊ လေယာဉ်ဆီနှင့် နည်းပညာ ဝယ်ယူရာ၌ အရေးကြီးသည့် ချိတ်ဆက်မှုအဖြစ် ရှိနေပြီး ယင်းဘဏ်များကို အီးယူက လက်ရှိအချိန်ထိ ဒဏ်ခတ်ပိတ်ဆို့မှု မရှိသေးကြောင်း သိရသည်။

စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ဓာတုဗေဒလုပ်ငန်း Myanmar Petrochemical Enterprise (MPE)ကို လေယာဉ်ဆီ တင်သွင်း၊ သယ်ယူ၊ ဖြန့်ဖြူးခြင်းများအတွက် အဓိက အသုံးပြုပြီး လေ ကြောင်းတိုက်ခိုက်မှုများကို တိုက်ရိုက် ပံ့ပိုးပေးနေသဖြင့် ပိတ်ဆို့အရေးယူရန် လိုအပ်နေကြောင်း လည်း ထုတ်ပြန်သည်။

“ပြောရရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေက ထိရောက်မှု ဘယ်လောက်ရှိသလဲဆိုတာ ပိတ်ဆို့တဲ့နိုင်ငံ တစ်ခု ချင်းစီအလိုက် ပြန်သုံးသပ်တာမျိုး မကြားမိဘူး။NUGအစိုးရအနေနဲ့ မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ပိတ်ဆို့မှုတွေ ဘာ့ကြောင့် မထိရောက်သလဲဆိုတာ ပြန်လည် သုံးသပ်ထုတ်ဖော် ပြီး သက်ဆိုင်ရာနိုင်ငံကြီးတွေဆီ ပြန်ကောင်တာလုပ်တာမျိုးလည်း မကြားမိဘူး။ဒါ့ကြောင့် ပိတ်ဆို့မှု တွေက လိုသလောက် မရောက်ဘူးလို့ ထင်တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ် ဦးက MPAသို့ ပြောသည်။

နောက်ထပ် အသက်ကယ်ဆေးမှာ ပိတ်ဆို့အရေးယူမှုများကို third-country cooperation (တတိယနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု) မရှိခြင်းဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုသည် အီးယူ မဟုတ်သည့် နိုင်ငံများ အထူးသဖြင့် စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း အပါအဝင် အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် အိန္ဒိယ တို့ကို အသုံးပြုကာ ပိတ်ဆို့မှုများကို ကျော်လွှားနေဆဲဖြစ်ကြောင်း သိရသည်။

အီးယူက မြန်မာအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ၂၀၂၇ခုနှစ်၊မေလအထိ သက်တမ်းတိုးထားသည်။