ရုရှားက ယူကရိန်းတစ်ဝှမ်း အကြီးစားဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မေလ ၁၄ ရက် ညဥ့်သန်းခေါင်ယံမှစ၍ မြို့တော်ကိယက်ဗ်တွင် ဒုံးကျည်များနှင့် ဒရုန်းများကြောင့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။
ရုရှား၏ MiG-31 ဗုံးကြဲလေယာဉ်များ ပျံတက်လာကြောင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသတိုင်းတွင် ပဲ့ထိန်းဒုံးကျည် (Ballistic Missile) အန္တရာယ်ရှိနေကြောင်း ယူကရိန်းလေတပ်က နံနက် ၁ နာရီမထိုးမီအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းသတိပေးချက် ထုတ်ပြန်ခဲ့သည်။
ကိယက်ဗ်မြို့တော် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တီမူရ် ထာချန်ကို ကလည်း ရုရှားဒရုန်း အမြောက်အမြားသည် မြို့တော်သို့ ဦးတည်နေပြီး ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ် ရှိနေကြောင်း သတိပေးခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၃:၀၈ နာရီတွင် ကိယက်ဗ်မြို့တော်၌ ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့သည်။ ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များက ရုရှားဒရုန်းများကို ပစ်ချရန် ကြိုးပမ်းနေကြသည်။
ထို့နောက် ဒေသစံတော်ချိန် နံနက် ၃:၁၅ နာရီမှ ၃:၂၀ နာရီအတွင်း ကိယက်ဗ်မြို့၌ ပဲ့ထိန်းဒုံးကျည် ပေါက်ကွဲသံ အကြိမ်အတော်များများ ကြားခဲ့ရကြောင်း မြေပြင်ရှိ သတင်းထောက်များ၏ အဆိုအရ သိရသည်။ ထို့နောက် ပဲ့ထိန်းဒုံးကျည် ပေါက်ကွဲမှုများလည်း ထပ်မံဖြစ်ပေါ်ခဲ့သည်။
ဒရုန်းအပျက်အစီးများ ကျရောက်မှုကြောင့် Dniprovskyi ခရိုင်ရှိ ငါးထပ်လူနေတိုက်ခန်း တစ်ခု၏ အမိုးပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ဟိုလိုစီဗ်စကီး (Holosiivskyi) ခရိုင်ရှိ လမ်းပေါ်သို့လည်း အပျက်အစီးများ ကျရောက်ခဲ့ကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို က ပြောကြားခဲ့သည်။
Obolonskyi ခရိုင်တွင်လည်း ဒရုန်းအပျက်အစီးများမှာ ရုံးအဆောက်အအုံနှင့် ကားပါကင်တစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး ၁၂ ထပ် လူနေတိုက်ခန်းတစ်ခုကို ဒရုန်းအပျက်အစီး ထိမှန်ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။
Darnytskyi ခရိုင်တွင်မူ လူနေတိုက်ခန်းတစ်ခု၏ အဆောက်အအုံ အစိတ်အပိုင်းများ ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးများအောက်တွင် လူများပိတ်မိနေနိုင်ကြောင်း ကနဦးသတင်းများအရ သိရသည်ဟု ကလစ်ချ်ကိုက ပြောသည်။
မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ အရေးကြီး အခြေခံအဆောက်အအုံများနှင့် အရပ်ဘက် အဆောက်အအုံများကို ပစ်မှတ်ထားကာ အနည်းဆုံး ဒရုန်းအစင်းရေ ၈၀၀ ခန့်ဖြင့် လှိုင်းအပြတ်အသတ်ခွဲ၍ ပေါင်းစပ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် တိုက်ရိုက်တိုက်ခိုက်ခံရလေ့မရှိသည့် အနောက်ဘက်အစွန်ဆုံး ဒေသများအပါအဝင် ယူကရိန်းတစ်ဝှမ်းရှိ မြို့များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
နေ့ခင်းဘက် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ကလေးငယ်များနှင့် ဆယ်ကျော်သက်များအပါအဝင် လူပေါင်း ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ကနဦး ကယ်ဆယ်ရေးလုပ်သားများသည်လည်း “နှစ်ချက်ဆင့်တိုက်ခိုက်မှု (double-tap strikes)” များအတွင်း ဒဏ်ရာရရှိခဲ့ကြသည်။
သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားအနေဖြင့် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အလုပ်ရှုပ်သွားစေရန်နှင့် ထိခိုက်မှုများ အများဆုံးဖြစ်အောင် ဒရုန်းလှိုင်းများနောက်တွင် ဒုံးကျည်များဖြင့် ဆက်တိုက်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးထားသည်။
ယင်းသတိပေးချက်မှာ ယူကရိန်းစစ်ဘက် ထောက်လှမ်းရေးအေဂျင်စီ (HUR) မှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး၊ ရုရှားတပ်ဖွဲ့များသည် လေကြောင်းနှင့် ရေပြင်မှ ပစ်လွှတ်သည့် ခရုစ်ဒုံးကျည် (Cruise Missile) အမြောက်အမြားအပြင် ပဲ့ထိန်းဒုံးကျည်များဖြင့်ပါ ဆက်လက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း ဖော်ပြထားသည်။
ရုရှား၏ ပစ်မှတ်များတွင် မြို့ကြီးများရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ၊ ကာကွယ်ရေးလုပ်ငန်းသုံး လုပ်ငန်းများနှင့် အစိုးရအဆောက်အအုံများကဲ့သို့သော အရေးကြီး အခြေခံအဆောက်အအုံများနှင့် အခြေခံ ဝန်ဆောင်မှုများ ပါဝင်နိုင်ကြောင်း သတိပေးထားသည်။
