၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်သမ္မတ မားကိုစ့်ဂျူနီယာသည် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာပြီးနောက် စစ်ကော်မရှင်ကိုထောက်ခံသည့် လော်ဘီများက ၎င်း၏မိသားစုနောက်ခံ သမိုင်းကြောင်းများကို အသုံးပြု၍ တယ်လီဂရမ်ချန်နယ်များ၌ ပုဂ္ဂိုလ်ရေးအရ ဝိုင်းဝန်းတိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။
သမ္မတ မားကိုစ့်သည် စစ်ကော်မရှင်အား အာဆီယံအစည်းအဝေးများမှ ချန်လှပ်ထားသည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ဖက်ဒရယ်ယူနစ် (Yangon Federal Unit) လွှတ်တော်မှ ပေးပို့သောစာကို တရားဝင်ပြန်လည်အကြောင်းကြားခဲ့ပြီးနောက် စစ်တပ်လော်ဘီချန်နယ်များတွင် ၎င်းအား ပုံရိပ်ဖျက်ဆီးသည့် ရေးသားမှုများ အရှိန်အဟုန်ဖြင့် ရေးသားလာခြင်းဖြစ်သည်။
စစ်တပ်လော်ဘီများသည် သမ္မတဟောင်း ဖာဒီနန်မားကိုစ့်လက်ထက်က ဆွစ်ဇာလန်ဘဏ်များတွင် ဝှက်ထားသော အမေရိကန်ဒေါ်လာ ၆၅၈ သန်းကျော် ကိစ္စနှင့် စစ်အုပ်ချုပ်ရေးကာလအတွင်း ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြန်လည်ဖော်ထုတ်ကာ လက်ရှိ ဖီလစ်ပိုင် သမ္မတကို နာမည်ဖျက်ရေးသားမှုများ ပြုလုပ်ထားခြင်းလည်းဖြစ်သည်။
အထူးသဖြင့် မားကိုစ့်မိသားစုသည် နိုင်ငံတော်ဘဏ္ဍာများကို အမည်ဝှက်များဖြင့် လွှဲပြောင်းရယူခဲ့ကြောင်း တရားရုံးစီရင်ချက်များကို ကိုးကား၍ ဝါဒဖြန့်ထားသည်။
ထို့အပြင် မားကိုစ့်အစိုးရသည် လက်ရှိတွင် ဒူတာတေးမိသားစုနှင့် အာဏာလုပွဲများ ဖြစ်ပွားနေခြင်း၊ လူမှုကွန်ရက်တွင် Troll Farm များအသုံးပြု၍ သမိုင်းပုံဖျက်နေခြင်းနှင့် ခရိုနီများအား စီမံကိန်းလုပ်ပိုင်ခွင့် ဦးစားပေးနေခြင်းတို့ကြောင့် ပြည်သူ့ယုံကြည်မှု ကျဆင်းနေသည်ဟုလည်း စစ်တပ်လော်ဘီများက တယ်လီဂရမ်ချိန်နယ်တွင် ရေးသားဖြန့်ဝေနေကြသည်။
နိုင်ငံရေးလေ့လာသူ တစ်ဦးက”စစ်ကော်မရှင်ဟာ အာဆီယံဥက္ကဋ္ဌက သူတို့ကို အသိအမှတ်မပြုဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင်ထိတွေ့လာတာကို အကြီးအကျယ် သွေးပျက်နေတာပါ။ ဒါကြောင့် အာဆီယံ ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မိသားစုသမိုင်းကြောင်းတွေနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာကို လုပ်လာတာဖြစ်တယ်” ဟု သုံးသပ်သည်။
ယခုကဲ့သို့ လော်ဘီများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက “စစ်ကော်မရှင်ဟာ သူတို့ကိုယ်တိုင် ကျူးလွန်နေတဲ့ လက်ရှိရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ တခြားနိုင်ငံက ခေါင်းဆောင်တွေရဲ့ အတိတ်ကို လိုက်နှိုက်ပြီး ဝါဒဖြန့်နေတာပါ။ တကယ်တမ်း မားကိုစ့်ဂျူနီယာက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ ပြောတာဟာ မြေပြင်က ပကတိအရှိတရားကို ထောက်ပြတာဖြစ်လို့ သူတို့ သွေးပျက်နေတာပါ။ နိုင်ငံတကာခေါင်းဆောင်တစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာဟာ စစ်ကော်မရှင်ရဲ့ သံတမန်ရေးရာ နိမ့်ပါးမှုကိုပဲ ပြသရာရောက်ပါတယ်” ဟု ပြောကြားသည်။
သမ္မတ မားကိုစ့်သည် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်ကော်မရှင်ကို “အတုအယောင်အစိုးရ” ဟု သွယ်ဝိုက်ရည်ညွှန်းခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြတ်သားစွာ ထုတ်ဖော်ပြောဆိုထားသူဖြစ်သည်။
အာဆီယံဥက္ကဋ္ဌအနေဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေသည့်အတွက် စစ်ကော်မရှင်အတွက် သံတမန်ရေးရာ စစ်မျက်နှာတွင် ပိုမိုအကျပ်ရိုက်စေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
လက်ရှိတွင် စစ်ကော်မရှင်လော်ဘီများသည် တယ်လီဂရမ်နှင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် အာဆီယံဥက္ကဋ္ဌအား “အနောက်အုပ်စုရုပ်သေး” နှင့် “အဂတိလိုက်စားသူ” ဟု နာမည်တပ်ကာ ဝါဒဖြန့်စာများကို နေ့စဉ်နှင့်အမျှ ရေးသားဖြန့်ဝေလျက်ရှိနေသည်။
