မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အဝေးပြေးကားလမ်းမကြီးဘေးတွင် အမျိုးသားသုံးဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မေလ ၁၄ ရက် နံနက် ၆ နာရီခန့်က အမျိုးသားသုံးဦး သေဆုံးနေသည်ကို လမ်းသွားလမ်းလာများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သုံးဦးကို စစ်ဆေးကြည့်ရာတွင် ခန္ဓာကိုယ်ကို လက်ပြန်ကြိုးတုပ်ထားပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့တွင် သေနတ်ပစ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။
“မနက်က တွေ့တယ်လို့ ပြောတယ်၊ လူစိမ်းတွေပဲ သေနေတာ တွေ့တဲ့အချိန်ကလေ သေနတ်နဲ့ ပစ်သတ်ခံထားရတာပဲ၊ အခု ရဲတွေက အလောင်းကို သယ်သွားပြီး စစ်ဆေးနေတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံတစ်ဦးက MPA ကို ပြောသည်။
သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့၏ ပြောဆိုချက်အရ ၎င်းတို့သုံးဦးသည် ပြီးခဲ့သည့်ရက်ပိုင်းက အောင်ချမ်းသာရပ်ကွက်၊ မွန်အေးရိပ်တည်းခိုခန်းတွင် လာရောက်တည်းခိုနေကြသူများ ဖြစ်ကြောင်း ဆိုသည်။
၎င်းတို့ကို စစ်ဆေးကြည့်ရာတွင် ရေနံချေးလိုက်လံသုတ်သည့်အလုပ်ကို လုပ်ကိုင်နေသူများဖြစ်ကြောင်း တည်းခိုခန်းဘက်က ထွက်ဆိုထားသည်။
သေဆုံးသူများသည် ဒိုက်ဦးမြို့နယ်မှ အသက် ၃၇ နှစ်အရွယ် ဦးဌေးအောင်၊ ပြွန်တန်ဆာမြို့မှ အသက် ၂၈ နှစ်အရွယ် ဦးရဲထက်အောင်နှင့် အသက် ၂၄ နှစ်အရွယ် ကိုအောင်ပြည့်စုံတို့ဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။
“ဒီဘက်မှာတော့ စစ်တပ်နဲ့ ပတ်သက်တဲ့သူတွေ ပစ်ခံရတာမျိုး ရှိတယ်၊ အခုသူတို့က ဘာမှန်းလည်း မသိဘူး၊ ဘယ်သူပစ်လို့ ပစ်မှန်းလည်းမသိဘူး။ သူတို့က ပြဿနာတစ်ခုခုလုပ်ထားပြီး ဒီဘက်ကို ရှောင်လာတာလား အမျိုးမျိုးပါပဲ ထင်ကြေးပေးနေကြတာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသည် စစ်ကော်မရှင်တပ်၊ ပြည်သူ့စစ်အပါအဝင် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားသွားလာမှု ရှိနေပြီး ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် အဆိုပါပစ်ခတ်မှုမှာ ၎င်းတို့နှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုကြသည်။
“ကျွန်တော်တို့လည်း အခုမှ သိရတာ၊ အဲဒီမှာက စစ်တပ်တွေပဲ လှုပ်ရှားတာများတယ်၊ သူတို့လက်ချက်ဖြစ်ဖို့ များတယ်၊ တော်လှန်ရေးအဖွဲ့တွေက အဲဒီလမ်းပေါ် ဖြတ်သန်းသွားလာတာလောက်ပဲ ရှိတာ၊ အခုပစ်ခံရတဲ့သူက ဘယ်သူမှန်းတောင် မသိရတဲ့ဟာ” ဟု ယင်းနယ်မြေရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကော်မရှင်ပူးပေါင်းအဖွဲ့များ မြို့အဝင်အထွက် နေရာအချို့တွင် ခေတ္တပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ပုံမှန်အတိုင်း သွားလာနေကြပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။
အဆိုပါ အမျိုးသားသုံးဦး ပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအချိန်အထိ တရားခံကို ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့မှ မေလ ၃ ရက်အတွင်းတွင်လည်း မော်လမြိုင်ခရိုင်အတွင်း အမျိုးသားလေးဦး ပစ်သတ်ခံရပြီး ယင်းတို့အနက် ပျူစောထီးခေါင်းဆောင်တစ်ဦး ပါဝင်ခဲ့သည်။
