စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ရဲ၂ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က စစ်ဆေးရေး တင်းကျပ်နေကြောင်း သိရသည်။
မေလ ၁၂ရက်၊ ညနေပိုင်းက ကလေးမြို့ပေါ်၊ စက်မှုဇုန်လမ်းခွဲအနီးတွင် ကင်းပတ်လာသည့် ရဲ၂ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်၌ စစ်ဆေးရေးတင်းကျပ်နေကြောင်း ကလေးမြို့ခံအမျိုး သားတစ်ဦးထံက သိရသည်။
” ၈ မိုင်နားလေးက စက်မှုဇုန်လမ်းခွဲနားမှာ ပစ်ခံရတာ။ အဲဒီမှာ ဆိုင်ကယ်ကင်းပတ်လာတဲ့ ရဲ၂ ယောက်လုံး ပွဲချင်းပြီး သေသွားတယ်။ ပစ်ခံရပြီး သိပ်မကြာဘူး စစ်သားတွေ ရောက်လာပြီး အဲဒီနားမှာ နေရာယူထားပြီး လိုက်စစ်နေတာ။ အလောင်းတွေလည်း လာကောက်တယ်။ ဘယ် အဖွဲ့က လုပ်သွားလဲ မသိရဘူး ” ဟု ၎င်းက MPA ကို ပြောသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် စစ်တပ်က စက်မှုဇုန်အနီး ပတ်ဝန်းကျင်တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
” ကလေးတက္ကသိုလ်ရှေ့က ၈မိုင်ဂိတ်မှာ လမ်းသွားလမ်းလာတွေကို တားပြီး ဆိုင်ကယ်တူးဘောက် ရယ်၊ ဖုန်းတွေနဲ့ ပါလာတဲ့ ပစ္စည်းတွေကို အသေးစိတ် စစ်ဆေးနေတာ ၂ရက်ရှိပြီ။ မနေ့ (မေလ ၁၃ ရက်) ညပိုင်းမှာလည်း စက်မှုဇုန်အနီးမှာ သေနတ်ပစ်သံတွေ ကြားရတယ်။ အဲဒါက ဒီအတိုင်းဖောက် တာဖြစ်လောက်တယ်။ စစ်သားတွေ ထိတယ် ပြုတယ်မကြားမိဘူး” ဟု ၎င်းက ဆက်လက် ပြော သည်။
ထို့ပြင် ကလေးမြို့ပေါ်ရှိ ပင်လုံလမ်း စံပြလမ်းထောင့်၊ ပင်လုံမီးပွိုင့်၊ မိုးလေဝသရုံးအနီး၊ မြို့တော် ခန်းမအနီး၊ အောင်စစ်သည်ထမင်းဆိုင်၊ စကားလှဘုန်းကြီးကျောင်း၊ ဗိုလ်ချုပ်လမ်း မင်းကြီးဟိုတယ်၊ စည်ပင်ရုံး၊ ရုပ်ရှင်ရုံ လမ်းထောင့် စသည့်နေရာများတွင်လည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယင်းစစ်ဆေးမှုများကြောင့် ပြည်သူများ ဖမ်းဆီးခံရခြင်းရှိ၊မရှိကိုမူ အတည်မပြုနိုင်သေးပေ။
ရဲ၂ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ လုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်းကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
