ကြို့ပင်ကောက်တွင် စစ်မှုထမ်းတပ်သား ၂ ဦး PDF ထံ အလင်းဝင်

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂
ပုံစာ - ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်မှုထမ်းတပ်သား ၂ ဦး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်မှုထမ်းတပ်သား ၂ဦး PDF တပ်ဖွဲ့ထံ အလင်းဝင် လာ ကြောင်း သိရသည်။

မေလ ၁၁ရက်တွင် စစ်မှုထမ်းတပ်သား ၂ဦးက လက်နက်မပါဘဲ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၁၊တပ်ခွဲ ၅ထံသို့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ပဲခူးတိုင်းစစ် ဌာန၊ ဗျူဟာ ၂၂က ယနေ့ (မေလ ၁၄ရက်) သတင်းထုတ်ပြန်သည်။

” ရှမ်းပြည်နဲ့ ရန်ကုန်တပ်ရင်းဘက်ကပါ။ သူတို့ တပ်ပြေးလာတာပါ။ ပြီးတော့ ဒီဘက် နယ်သား တွေပါဗျ။သူတို့ နယ်ဘက်မှာပဲ ပေါ်တာဆွဲခံရပြီး ပါသွားကြတာပါ။အပတ်စဉ် ၂၂ ဆင်းတွေပေါ့” ဟု ဗျူဟာ ၂၂တာဝန်ခံက MPA သို့ပြောသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို ဆုကြေးငွေချီးမြှင့်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

“လောလောဆယ်တော့ သူတို့ စိတ်ချရတဲ့ နေရာမှာ ထားထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရာတွင် ပါလာသည့် လက်နက်အမျိုးအစားလိုက် ဆုကြေးငွေ ကွာခြားမှုရှိမည်ဟု ၎င်းကပြောသည်။

” လန အမျိုးအစားပေါ်မူတည်ပြီး သိန်းရာကျော် ထိရှိပါတယ်ဗျ။ လနကြီး ဆို သိန်း ၂၀၀ ကျော်ထိ ချီးမြင့်ဖို့ရှိပါမယ်” ဟု ၎င်းက ပြောသည်။

စစ်သား၊ ရဲနှင့် ပျူစောထီးများအနေဖြင့် ဗျူဟာ ၂၂ နှင့် ဗျူဟာ ၂၂ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ခွဲများထံ ပြည်သူရင်ခွင် ခိုလှုံနိုင်ပြီး နွေးထွေးစွာ လက်ခံကြိုဆိုနေကြောင်း ဗျူဟာ ၂၂က ထုတ်ပြန်ထားသည်။