မင်းအောင်လှိုင် ယူနီဖောင်းချွတ်ပြီး ခေါင်းပေါင်းစွပ်ကာ အရပ်သားအစိုးရအသွင် ပြောင်းလဲ မျက်နှာဖုံးစွပ်လိုက်သော်လည်း စစ်သားများအတွက် ပြောင်းစရာမှာ ဘဝတပါးသာ ရှိကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
“ရွေးကောက်ပွဲပြီးလို့ သမ္မတသစ်တက်လာရင် အခြေအနေတွေပြောင်းသွားမှာပါလို့ သူတို့လိမ်ခဲ့တဲ့ အတိုင်း စစ်သားတွေက အိမ်ပြန်ရတော့မယ်ဆိုပြီး ရိုးသားစွာမျှော်လင်ခဲ့ကြတာပါ။အခုတော့ ဝတ်စုံသာပြောင်းသွားတယ် အားလုံးက အရင်အတိုင်းပါပဲ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများ ဆက်လက်ရှိနေပြီး မေလပထမပတ်အတွင်း တိုက်ပွဲများ၌ စစ်သုံ့ပန်း ဖမ်းဆီးရမိမှု ၄၄ဦး ရှိကာ ယင်းအထဲ၌ ၁၉ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း ပြည်သူ့ ပန်းတိုင်က ထုတ်ပြန်ထားသည်။
“စစ်သားစိတ်အပြည့်နဲ့ အသေခံတိုက်တယ်ဆိုတာ စစ်တပ်ထဲမှာ မရှိသလောက်ဖြစ်နေတာ ကြာပါ ပြီ။အထူးသဖြင့် ပစ(စစ်မှုထမ်းတပ်သား)တွေဆိုရင် စစ်သင်တန်းက သေနတ်ပစ်တတ်ရုံ ၂လ၊၃လ လောက်နဲ့ ရှေ့တန်းရောက်တယ်။တိုက်ပွဲအတွေ့အကြုံလည်း မရှိဘူး။တိုက်ချင်စိတ်လည်း မရှိဘူး ဆိုတော့ ပြေးလို့ရရင် ပြေးမယ်။ဒါမှမဟုတ် တိုက်ပွဲမှာ အဖမ်းခံမယ်ပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
စစ်သုံ့ပန်းများကို မွန်ပြည်နယ်အတွင်း အများဆုံးအဖြစ် ၂၄ဦး ဖမ်းဆီးမိခဲ့ပြီး ကချင်ပြည်နယ်အတွင်း ၁၆ဦး ဖမ်းဆီးမိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။
ယင်းတစ်ပတ်တာအတွင်း စစ်သား၅ဦး အလင်းဝင်ခဲ့ရာ ၂ဦးမှာ စစ်မှုထမ်းတပ်သားများ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ ခုနှစ်၊ မေလ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း ဖမ်းဆီးမိမှု စုစုပေါင်း ၃၁၁၇ ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
