မန်ချက်စတာယူနိုက်တက်အသင်းသည် အတိတ်ကကဲ့သို့ စာချုပ်ကိစ္စ အမှားအယွင်းမျိုးများ ထပ်မံမဖြစ်ပွားစေရန်အတွက် နည်းပြ မိုက်ကယ်ကာရစ်အား နည်းပြချုပ်အဖြစ် (၂) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရန် အသေးစိတ် ပြင်ဆင်ရေးဆွဲနေကြောင်း သိရှိရသည်။
အသက် ၄၄ နှစ်အရွယ်ရှိ နည်းပြ မိုက်ကယ်ကာရစ်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နည်းပြဖြစ်သူ ရုဗင်အမိုရင် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ကလပ်အသင်းသို့ ယာယီနည်းပြချုပ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်သည်။
မကြာသေးမီလပိုင်းများအတွင်း အသင်း၏ ရလဒ်များနှင့် ကစားပုံများ သိသာစွာ တိုးတက်လာခြင်းကြောင့် ကာရစ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် တောင်းဆိုသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် လတ်တလော ဘောလုံးလောကတွင် အဆင့်မြင့်နည်းပြကောင်း ရှာဖွေရန် ခဲယဉ်းနေသည့် အခြေအနေကြောင့်လည်း ပါဝင်သည်။
အသင်းအုပ်ချုပ်ရေးပိုင်းက အဆိုပါ ဆုံးဖြတ်ချက်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဗြိတိန်မီဒီယာများ၏ ယုံကြည်စိတ်ချရဆုံးသော သတင်းမြစ်များအားလုံးကမူ ကာရစ်အား အမြဲတမ်းနည်းပြချုပ်အဖြစ် ဆက်လက်ထားရှိရန် အသင်းတွင်း ဆုံးဖြတ်ချက် ချမှတ်ပြီးသားဖြစ်ကြောင်း ရှုမြင်နေကြသည်။
မန်ယူအသင်း၏ စီအီးအို အိုမာဘာရာဒါနှင့် ဘောလုံးဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်တို့သည် လက်ရှိအခြေအနေများအရ ဝေါလ်ဆန်းဒေသဖွား ကာရစ်သည် ယခုရာထူးအတွက် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်ကြောင်း သဘောတူညီခဲ့ကြပြီး၊ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်၏ အတည်ပြုချက်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
MUFC အတွင်းသိ သတင်းထောက် ဆူလီ၏ RoundTable အစီအစဉ်တွင် ဖွင့်ချခဲ့သည့် နောက်ဆုံးရသတင်းအရ အသင်းဘက်က ကာရစ်ကို နောက်ထပ် တစ်ရာသီ သက်တမ်းတိုးခွင့် အပြင်အဆင် အပါအဝင် စုစုပေါင်း (၂) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ကမ်းလှမ်းလိမ့်မည်ဟု မျှော်လင့်ရသည်။
ထို့ပြင် ကာရစ်သည် လက်ရှိအချိန်၌ပင် လက်တွေ့မြေပြင်တွင် အမြဲတမ်းနည်းပြချုပ်တစ်ဦးကဲ့သို့ စတင်တာဝန်ယူနေပြီဖြစ်ပြီး လာမည့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွက် ကစားသမားသစ် ခေါ်ယူမည့် လုပ်ငန်းစဉ်များတွင်ပါ စီမံခန့်ခွဲရေးအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်နေပြီဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
ပရိသတ်အများစုက ကာရစ်ကို အသင်းတွင် နှစ်ပေါင်းများစွာ ဆက်လက်မြင်တွေ့လိုကြသော်လည်း Sun သတင်းစာ၏ သတင်းထောက်ဖြစ်သူ ဆင်မြူရယ်လပ်ဟတ်စ်ကမူ လက်ရှိနည်းပြကို ရေရှည်စာချုပ်အရှည်ကြီး မပေးမိစေရန် သတိပြုရမည်ဟု ယူဆနေသည်။
လပ်ဟတ်စ်၏ ထောက်ပြချက်အရ ဆာအဲလက်စ်ဖာဂူဆန် ခေတ်လွန်နောက်ပိုင်း မန်ယူနည်းပြတစ်ဦးမျှ သက်တမ်း ၃ နှစ်အထိ မပြည့်ခဲ့ဖူးကြောင်းနှင့် ယခင်က နည်းပြ ဒေးဗစ်မွိုက်စ်ကို ၆ နှစ်သက်တမ်းရှိ စာချုပ်အကြီးကြီး ချုပ်ဆိုခဲ့ပြီးမှ ပထမဆုံးရာသီဝက်တွင်ပင် ရာထူးမှ ထုတ်ပယ်ခဲ့ရသည့် သမိုင်းဖြစ်စဉ်ကို ပြန်လည်သတိပေး ပြောကြားသွားခဲ့သည်။
