သတင်းပေးဟုဆိုကာ PDF Zoland ဖမ်းဆီးခဲ့သည့် တည်းခိုခန်းပိုင်ရှင် ရက်ပိုင်းအတွင်း သေဆုံး၊ အလောင်း၌ ဒဏ်ရာများတွေ့ရှိ

ဓာတ်ပုံ - ပေးပို့
ပုံစာ - သေဆုံးသွားသည့် ဦးထန့်ခန့်ဒါးလ်

စစ်တပ် သတင်းပေးဟု ဆိုကာ PDF Zoland က ဖမ်းဆီးခဲ့သည့် တီးတိန်မြို့တည်းခိုခန်းပိုင်ရှင်မှာ ရက်ပိုင်းအတွင်းသေဆုံးသွားပြီး အလောင်း၌ ဒဏ်ရာများ တွေ့ရှိရကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့၊ ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန့်ခန့်ဒါးလ်သည် စစ်တပ်နှင့်ဆက်သွယ် ကာ သတင်းပေးပြုလုပ်နေကြောင်း ထင်ရှားသဖြင့် ၃ကြိမ် သတိပေးခဲ့သော်လည်း ဆက်လက်ပြု လုပ်နေသဖြင့် မေလ ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ယင်းသို့ ထိန်းသိမ်းထားစဉ်တွင် ဆီးချို၊ သွေးချိုနှင့် သွေးတိုရောဂါများကြောင့် ဦးနှောက်သွေးကြောပေါက်ကာ မေလ ၁၃ရက်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ထားသည်။

” ဘယ်လို အဖမ်းခံရတယ်ဆိုတာတော့ ပြောမရဘူးဗျ။ ၁၁ရက်နေ့က ဖမ်းတယ်။ ၁၃ရက်နေ့မှာ သေဆုံးသွားပြီလို့ အကြောင်းကြားတယ်။ အဖမ်းခံထားရစဉ်မှာ မိသားစုက တွေ့ခွင့်တောင်းပေမဲ့ တွေ့ခွင့်မရဘူး။ ဆေးတွေ ပို့တာတော့ ယူထားတယ်။ အခု အလောင်းကို ပြန်လာပို့တော့ ရိုက်နှက် ထားတဲ့ ဒဏ်ရာ‌တွေ တစ်ကိုယ်လုံးမှာ တွေ့ရတယ်။ သူတို့အကြောင်းကြားတုန်းက ဦးနှောက်သွေး ကြောပေါက်သေတယ်လို့ ပြောတာဗျ ” ဟု တီးတိန့်မြို့ခံ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

မေလ ၁၃ရက် ညပိုင်းတွင် အသက် ၇၀ အရွယ်ရှိ ဦးထန့်ခန့်ဒါးလ်၏အလောင်းကို PDF Zoland က ဆွောင်းဇန်ရွာသို့ ပို့ထားခဲ့ကြောင်း သိရသည်။

” စစ်တပ်သတင်းပေး လုပ်၊မလုပ်တော့ တကယ် မသိဘူးဗျ။ တော်လှန်ရေးတပ်တွေကလည်း ဟုတ် လို့ ဖမ်းတာနေမှာပါ။ ဒါပေမဲ့၊ ဖမ်းဆီးပြီး ရက်ပိုင်းအကြာမှာပဲ လူကသေသွားတယ်။ ဒဏ်ရာတွေနဲ့ဆို တော့ ဝေဖန်သံတွေထွက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးထန့်ခန့်ဒါးလ် သေဆုံးမှုနှင့် ပတ်သက်၍ PDF Zoland ထံ MPA က ဆက်သွယ်မေးမြန်းခဲ့ သော် လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

၎င်း သေဆုံးသွားသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်း PDF Zoland က ထုတ်ပြန်ထားသည်။

ဦးထန့်ခန့်ဒါးလ်ကို PDF Zoland က မည်သည့်နေရာတွင် မည်ကဲ့သို့ ဖမ်းဆီးသွားသလဲဆိုသည်ကို မသိရသေးပေ။

တီးတိန်မြို့ကို စစ်တပ်က‌ ယနေ့အထိ ထိန်းချုပ်ထားဆဲဖြစ်ပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်သိမ်းပိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် မေလ ၂ရက်က ကလေးမြို့မှ တီးတိန်မြို့သို့ စစ်တပ်က စစ်‌အင်အားများ ပို့ဆောင်ထားသည်။