PDF များ အလံဖြူထောင်ကာ စစ်ရှောင်အယောင်ဆောင်၍ သွားလာနေဟုဆိုသည့် သတင်းအမှား

ကာမိုင်း-နန့်ယား-ဖားကန့် လမ်းပိုင်းတွင် အလံဖြူထောင်ပြီး ဖြတ်သန်းသွားသော ကားများကို PDF များဟု စွပ်စွဲထားသော အကြောင်းအရာ လူမှုကွန်ရက် ဖေ့ဘွတ်ခ်၌ ပျံ့နှံ့လျက်ရှိသည်။
“မင်းရဲသိင်္ခသူ” ဖေ့ဘွတ်ခ်က မေ ၁၃ ရက် ည ၈ နာရီ ၃ မိနစ်တွင် မန္တလေး၊ မြစ်ကြီးနားလမ်းတစ်လျှောက် ရွာများတွင် ပုန်းအောင်းနေသည့် စစ်ရှုံး ‌PDF များက စစ်ရှောင်ဒုက္ခသည်ယောင်ဆောင်ကာ အလံဖြူတင် ထားသည့် ကားများဖြင့် အောက်မြန်မာပြည်ကို ထွက်ပြေးနေကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထား ခြင်း ဖြစ်သည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://bitly.cx/NvBoH

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Myitkyina News Journal” က ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

Myitkyina News Journal တွင် ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေသောကြောင့် ကျောင်းသားမိဘ အချို့သည် ကလေးများ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ဖားကန့်ဒေသကနေ ထွက်ခွာမှုများ ရှိနေကြောင်း၊ စစ်ရေးအရ ပိတ်ထားသော ကာမိုင်း-နန့်ယား-ဖားကန့် လမ်းပိုင်း တစ်လျှောက် အလံဖြူထောင်ကာ ဖြတ်သန်းသွားလာနေကြကြောင်း၊ ဖြတ်သန်းသွားလာနေချိန် အရပ်သားပြည်သူများ ဖြစ်ကြောင်း အသိပေးဖို့နှင့် ပစ်ခတ်မှုများကို ရှောင်ရှားနိုင်ဖို့အတွက် ကားတွေမှာ အလံဖြူစိုက်ရခြင်းဖြစ် ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/2DAcs

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဖားကန့် ကာမိုင်းလမ်းပိုင်း ကားများ အလံဖြူထောင်ထွက်ခွာ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Burma News International”က သတင်းဖော်ပြထားသည်။

BNI တွင် ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ကျောင်းသားမိဘအချို့မှာ ကျောင်းအပ်နှံရေး အတွက် ဖားကန့်မြို့တွင်းကနေ ပြောင်းရွှေ့ထွက်ခွာနေကြကြောင်း၊ လက်ရှိအချိန်တွင် ကာမိုင်း- နန့်ယား- ဖားကန့် လမ်းပိုင်းကို စစ်ရေးအခြေအနေအရ ပြည်သူများ လုံခြုံရေးအတွက်ဆိုပြိး KIA ဘက်ကနေ ပိတ်ထားကြောင်း၊ ထို့ကြောင့် ကားများတွင် အလံဖြူစိုက်ကာ ဖြတ်သန်းသွားလာနေကြကြောင်း ဖော်ပြ ထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/JTTlA

ကာမိုင်း-နန့်ယား-ဖားကန့် လမ်းပိုင်းကို KIA က စစ်ရေးအခြေအနေအရ ပြည်သူများ လုံခြုံရေးအတွက် ဟုဆိုပြီး ၂၀၂၆ ဧပြီ ၂၂ ရက်က စတင် ပိတ်ပင်ထားသော်လည်း မေလ ၁၂ ရက်မှ စတင်ပြီး စစ်တပ်၏ ခွင့်ပြုချက်ဖြင့် ကုန်တင်ကားများ စတင် ဖြတ်သန်းသွားလာခဲ့သည်။

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ကာမိုင်း-နန့်ယား-ဖားကန့် လမ်းပိုင်းတွင် ဖားကန့်မြို့က ကျောင်းသားမိဘများသည် ကလေးများကျောင်းပြောင်းရွှေ့ရန်အတွက် ကားများတွင် အလံဖြူထောင်ပြီး ဖြတ်သန်းသွားလာနေကြ ကြောင်း ဖော်ပြထားကြသည်။

အလံဖြူထောင်ရခြင်းမှာ ပြည်သူများဖြစ်ကြောင်း အသိပေးရန်နှင့် ပစ်ခတ်မှုများကို ရှောင်ရှားရန်အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော “ စစ်ရှုံးနေသည့် PDF များက စစ်ရှောင်အယောင်ဆောင်ကာ အလံဖြူထောင်သည့်ကားများဖြင့် ဖြတ်သန်းနေ” ဟု ဆိုသည့် အကြောင်းအရာသည် အန္တရာယ်ရှိသော သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။