ဟားခါးမြို့အထွက်တွင် စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေ၊ ဗျူဟာမှူးအပါအဝင် ၈ ဦး ဒဏ်ရာရ

ဓာတ်ပုံ - CDF - Hakha
ပုံစာ - CC တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

ချင်းပြည်နယ်၊ ဟားခါးမြို့အထွက်တွင် စစ်တပ် ဖြတ်တိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ဗျူဟာမှူး အပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်၊ နံနက် ၁၀ နာရီခန့်က ဟားခါးမြို့မှ ထွက်လာသော ခလရ ၂၆၆ တပ်ရင်းမှ ဗျူဟာမှူးဦးဆောင်သည့် စစ်ကြောင်းကို ယင်းမြို့အထွက် ၆ လမ်းဆုံတွင် Chinland Council (CC) ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ဖလမ်းကနေ ဟားခါးကိုထွက်လာတဲ့ စစ်ကြောင်းက မနေ့မနက်မှာ ဟားခါးမြို့နဲ့ ၁၃မိုင်လောက် ဝေးတဲ့ ချွန်ကျုံးရွာကို ရောက်ပါတယ်။ အဲဒီစစ်ကြောင်းကို ကြိုဖို့ထွက်လာတဲ့ ခလရ ၂၆၆ တပ်ရင်း ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းတွေ၊ လက်နက် ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်သား၄ဦးသေဆုံးပါတယ်။ ဗျူဟာမှူးအပါအဝင် အရာရှိ‌ ၄ဦးနဲ့ စစ်သား ၄ဦး၊ စုစုပေါင်း ၈ဦး ဒဏ်ရာရရှိတယ်လို့ ရှေ့တန်းက သတင်းရထားပါတယ်” ဟု Chinland Council မှ အမည်မဖော်လိုသည့် စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် ဗျူဟာမှူးအပါအဝင် အရာရှိ ၄ဦးကို ဟားခါးမြို့မှ ကလေးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

” ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ သိရတယ်။ ဒီနေ့ ( မေလ ၁၅ရက် )ပဲ ရဟတ်ယာဉ်နဲ့ လာခေါ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းသို့ စစ်ကြောင်းဖြတ်တိုက်ခံရသည့်အတွက် ဟားခါးမြို့နယ်၊ ‌ချွန်ကျုံးရွာ၌ ရောက်ရှိနေသည့် စစ်ကြောင်းက မေလ ၁၄ရက်၊ ညသန်းခေါင်အချိန်၌ ယင်းရွာရှိ နေအိမ် ၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

ဖလမ်းမြို့မှ စစ်အင်အား ၅၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို ကြိုဆိုရန် စစ်တပ်က ဟားခါးမြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ညွှန်ကြားထားကြောင်း သိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။