စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်ကော်မရှင်က မီးရှို့နေပြီး မြစ်ဆိပ်များလည်း ပိတ်ထားကြရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈ ရက်မှစ၍ ယနေ့ (မေ ၁၅ ရက်) အထိ စစ်ကော်မရှင်က မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းရှိ ချောင်းမကျေးရွာနှင့် အနီးတစ်ဝိုက်ကို အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာ၍ ဒေသခံ ၃၀၀၀၀ ကျော်မှာ စစ်ရှောင်နေရခြင်း ဖြစ်သည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ မေ ၁၂ ရက်၌ ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာမှ ထွက်လာသည့် စစ်ကော်မရှင်တပ်က တဇယ်ချောင်၊ ရှမ်းမြောင်း၊ မင်းကုန်း၊ ပန်းဆိုင်းနှင့် ညောင်ပင်ဝန်းကျေးရွာတို့မှ ပြည်သူပိုင်ရိက္ခာများ ယူဆောင်သည့်အပြင် မီးရှို့ဖျက်ဆီးမှုများလည်း လုပ်ဆောင်ခဲ့ကြသည်။
ထို့ပြင် မေ ၁၃ ရက်၌ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ငါးဖျက်၊ မုဌော (အရှေ့) နှင့် မုဌော (အနောက်)၊ သင့်ဝင်နှင့် မင်းမကျေးရွာတို့မှ ရိက္ခာများယူဆောင်ခဲ့ပြီး သမင်ခြံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
“စစ်တပ်က ချောင်းမမှာ စုရပ်လို နေနေကြတာ။ မြစ်အနောက်ဘက်က ရွာတွေမှာ စစ်ကြောင်းက လှည့်နေတာ။ ဒရုန်းတွေနဲ့ ဗုံးကြဲ၊ လက်နက်ကြီးပစ်တာတွေ ရှိတယ်။ စစ်ကြောင်းဝင်နေတာ နှစ်ပတ်ကျော်ကြာသွားပြီ” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကော်မရှင်စစ်ကြောင်းများက ကနီမြို့နယ်၊ ချင်းတွင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေ၍ မြစ်ဆိပ်များမှာလည်း ပိတ်ပင်ထားရသည်။
“အရင်လို မြစ်ဆိပ်ကူးတို့သမားတွေလည်း အလုပ်မဖြစ်ဘူး။ ကျတော်တောင် မြစ်မကူးနိုင်လို့ မြစ်အနောက်ဘက်မပြန်ရတာ ကြာပြီ။ ဆီကားတွေ သွားလို့ရတဲ့နေရာတော့ ရှိတယ်၊ လုံခြုံရေးကတော့ စိတ်မချရဘူး” ဟု ချင်းတွင်းမြစ်အရှေ့ဘက် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၆ ခုနှစ်၊ မေ ၁၀ ရက်၌ တရော်ကျင်းကျေးရွာမှ ချောင်းမကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးမှာလည်း လက်နက်ခဲယမ်းများနှင့်တကွ ပူးပေါင်းခဲ့ကြောင်း ဗျူဟာ ၄၇ ယင်းမာပင်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေ ၈ ရက်၌ ကနီမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး စစ်ရေးအရ အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာကာ လုံခြုံရေးအထူးဂရုစိုက် သတိပြုရမည့်အချိန်ဖြစ်သည်။
ထို့ပြင် စစ်ကော်မရှင်၏ မြေပြင်သတင်းပေးများသည် အင်တာနက်စက်များကို အသုံးပြုကာ စစ်ကော်မရှင်၏ မြေပြင်စစ်ကြောင်းများနှင့် လေကြောင်းတိုက်ခိုက်မှုများကို အထောက်အကူပေးနေပြီး ပြည်သူလူထု၏ လုံခြုံရေးလည်း ခြိမ်းခြောက်ခံနေရကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ သတင်းလုံခြုံမှုအရ အဟန့်အတားဖြစ်စေ၍ Starlink အင်တာနက်စက်များ ယာယီပိတ်သိမ်းကြောင်း ကနီမြို့နယ် (ပအဖ) က ထုတ်ပြန်ထားသည်။
