မန္တလေးတက္ကသိုလ်အနောက်ပေါက်တွင် ရေကန်ထဲ ရေဆင်းချိုးသည့် ၅နှစ်ကလေး ရေနစ်သေဆုံး

မန္တလေးတက္ကသိုလ်အနောက်ပေါက်၊ စည်ပင်ပန်းခြံအတွင်းရှိ ရေကန်ထဲတွင် ရေဆင်းချိုးသည့် အသက်၅နှစ်အရွယ်ကလေး(ကျား)တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့(မေ၁၇ရက်)နေ့ခင်းပိုင်းတွင် မန္တလေးမြို့၊ မဟာအောင်မြေမြိုနယ်၊ ၇၈လမ်း၊ မန္တလေးတက္ကသိုလ်အနောက်ပေါက်၊စည်ပင်ပန်းခြံ ရှိသစ်ပင်များ ရေလောင်းရန် တူးဖော်ထားသော ကန်အတွင်းသို့ ကလေးတစ်ဦး ရေဆင်းချိုးရင်း ရေနစ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မဏီစလလူမှု ကူညီရေးအသင်း (မန္တလေး)က သတင်းထုတ်ပြန်သည်။

“အိမ်ခြေမရှိတဲ့ ကလေးတစ်ယောက်ပါ။ လမ်းဆုံတွေမှာ တောင်းရမ်းနေတဲ့ ကလေးတစ်ယောက်လို့ သိရပါတယ်။ အမေလား ဘာလားတော့မသိဘူး။ရှိတော့ ရှိပေမဲ့ ကလေးကို အနီးကပ်ထိန်းကျောင်း နိုင်တဲ့ အခြေအနေမရှိတော့ ကန်ထဲဆင်းသွားမှန်းလည်း ဘယ်သိမလဲ။ ကန်ထဲကို ရိုးရိုး ပူလို့ ခဏ ဆင်းစိမ်တာမျိုးလို့ ပြောကြတယ်”ဟု မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်၂စီး စေလွှတ်ကာ ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်း (မန္တလေး)က ထုတ်ပြန်ထားသည်။

စာတည်း-ML