မြိတ်မြို့ပေါ်တွင် စက်သုံးဆီဆိုင် မီးလောင်၊ ၃ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်း

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ကလွင်စုံခေါင်းရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့(မေ၁၇ရက်)နံနက် ၈နာရီခန့် ၌ စက်သုံးဆီတင်ယာဉ်ပေါ်သို့ ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၂ဦး ပွဲချင်းပြီးသေဆုံးကာ ပြင်းထန်ဒဏ်ရာရသူ၂ဦးအနက် တစ်ဦးမှာ ဆေးရုံပေါ်၌ သေဆုံးခဲ့ကြောင်း မြို့ခံလူမှုကူညီရေးသမား တစ်ဦးထံက သိရသည်။

“ဘယ်လိုဖြစ်ပြီးလောင်သလဲဆိုတာ မီးသတ်က ဘာမှမပြောသေးဘူး။အနီးဝန်းကျင်ကို လောင်တာ မျိုးတော့ မရှိဘူး။ဒါပေမဲ့၊ ဆီဆိုင်လောင်တာမို့ လူသေဆုံးမှုအထိပါ ဖြစ်သွားတာ”ဟု ၎င်းက MPAသို့ ပြောသည်။

ယနေ့နံနက်၈နာရီခန့်တွင် မြိတ်မြို့ ဆီဂိုထောင်မီးလောင်မှုကို မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ခဲ့ရာ ၈နာရီ၃၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉နာရီခွဲ၌ မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“လောင်တာ ဆီဆိုင်လောင်တာပါ။ သေဆုံးသွားတာက ဆီကားသမားရယ်၊ဆိုင်ဝန်ထမ်းရယ်၊ ဆီလာ ထည့်တဲ့တစ်ယောက်လည်း ဆေးရုံမှာ သေတယ်လို့ ထပ်ကြားတယ်။ ၃ယောက်စလုံး ယောကျာ်း တွေချည်းပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

မီးလောင်မှုကြောင့် ဆီသိုလှောင်ကန်များနှင့် ဆီဘောက်ဆာတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။

စာတည်း-ML