ယနေ့ (မေ ၁၈ ရက် ) မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ခံအများစု ခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါငလျင်သည် ယနေ့ မနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ကျောက်တန်းမြို့နယ်အနီးကို ဗဟိုပြုကာ အင်အားမဂ္ဂနီကျု ၅ဒသမ၃ အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း မြေငလျင် သတင်းစင်တာက ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြေငလျင် သတင်းထုတ်ပြန်ချက်၌ ကျောက်တန်းမြို့နယ်၏ တောင်ဘက် ၉ မိုင်ခန့်အကွာ ကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ဒသမ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ မြေငလျင်သည် မြေအောက်အနက် ၆ မိုင်ခန့်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သောကြောင့် ရန်ကုန်မြို့ပေါ်ရှိ မြို့နယ်တော်တော်များများတွင် သိသိသာသာ တုန်ခါမှုပြင်းထန်ခဲ့ပြီး၊ အထပ်မြင့်တိုက်တာများပေါ်တွင် နေထိုင်ကြသူများသည် ဘေးလွတ်ရာသို့ အရေးပေါ် ဆင်းပြေးခဲ့ကြရသည်။
ငလျင်လှုပ်ခတ်မှု အခြေအနေနှင့်ပတ်သက်၍ ကျောက်တန်းမြို့နယ်မှ မြို့ခံတစ်ဦးက “မနက် ၈ နာရီခွဲကျော်လောက်မှာ အိမ်ထဲမှာ ထိုင်နေတုန်း ဝုန်းဆိုတဲ့ အသံကြီး ကြားလိုက်ရတယ်။ ပြီးတော့ တစ်အိမ်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားတယ်။ ကလေးတွေကို ဆွဲပြီး အိမ်အပြင်ဘက် ကွင်းပြင်ထဲသို့ တန်းပြေးရတယ် အခုထိလည်း နောက်ဆက်တွဲငလျင် (Aftershock) များ ထပ်လာမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ ကြောက်နေရတုန်းပဲ” ဟု ပြောသည်။
“ကျွန်မက တိုက်ငါးထပ်ပေါ်မှာ နေတာဆိုတော့ ပိုသိသာတယ်။ တိုက်တစ်ခုလုံး ယိမ်းသွားသလို ခံစားရလို့ လူကလည်း မူးနောက်သွားတယ်။ လှုပ်တာက စက္ကန့်ပိုင်းလေးပဲ” ဟု သာကေတမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကြည့်မြင်တိုင်၊ တောင်ဒဂုံ၊ အလုံ၊ လှိုင်သာယာ၊ စမ်းချောင်း အစရှိသည့်အပြင် မြို့နယ်အများစု သိသိသာသာခံစားခဲ့ရသည်။
ယနေ့မနက်ပိုင်း ငလျင်လှုပ်ခတ်မှုသည် ရန်ကုန်မြို့နှင့် အနီးဆုံးနေရာကို ဗဟိုပြုပြီး မြေအောက်အနက် သိပ်မနက်ဘဲ ၆ မိုင်အကွာ၌သာ လှုပ်ခတ်ခဲ့ခြင်းကြောင့် တုန်ခါမှု ပိုမိုပြင်းထန်ရခြင်းဖြစ်ကြောင်း မြေငလျင်ကျွမ်းကျင်သူအချို့က သုံးသပ်ထားသည်။
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ လူမှုကွန်ရက်စာမျက်နှာများပေါ်၌လည်း မိနစ်ပိုင်းအတွင်း ငလျင်လှုပ်ခတ်မှုအခြေအနေများ၊ မိမိတို့မြို့နယ်အလိုက် ခံစားခဲ့ရသည့် တုန်ခါမှုများကို အပြန်အလှန် မေးမြန်းဝေမျှမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်အထိတော့ အဆိုပါ ကျောက်တန်းအနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျု ၅.၃ အဆင့်ရှိ မြေငလျင်ကြောင့် လူထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို စစ်ကော်မရှင်ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံ၏ ရန်ကုန်အပါအဝင် မြို့ကြီးအချို့သည် စစ်ကိုင်းငလျင်ကြောကြီးနှင့် ငလျင်ပြတ်ရွေ့ကြောငယ်များအနီးတွင် တည်ရှိနေခြင်းကြောင့် အခုလို ငလျင်ခဏခဏ လှုပ်ခတ်မှုများအပေါ် ပြည်သူများအနေဖြင့် အမြဲတမ်း သတိပြုနေထိုင်ကြရန် လိုအပ်နေခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-မြေငလျင်သတင်းများ စင်တာနှင့် မိုးဇလ
