စစ်ပွဲရပ်ဆိုင်းရေးသဘောတူညီချက်ကို လက်ခံရန် အီရန်ကို ထရန့်သတိပေး

AFP

အီရန်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမြန်ဆုံးလက်မခံပါက ပြင်းထန်စွာတိုက်ခိုက်ရှင်းလင်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေလ ၁၇တွင် “အီရန်အတွက် အချိန်တွေ ကုန်ဆုံးနေပြီ၊ သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်၊ သို့မဟုတ်ရင် သူတို့ ဘာမှကျန်မှာမဟုတ်ဘူး” ဟု ရေးသားခဲ့ပြီး “အချိန်က အလွန်အရေးကြီးတယ်!” ဟုလည်း ထရန့်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဟစ်ဇ်ဘိုလာအဖွဲ့၏ နောက်ကွယ်မှ ပံ့ပိုးကူညီသူဖြစ်သည့် အီရန် အစိုးရက ထရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်မရယူမီ လက်ဘနွန်တွင် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည်။
ထရန့်က ၎င်း၏စည်းကမ်းချက်များအတိုင်း သဘောတူညီချက်ကို လက်ခံရန် အီရန်ဘက်က ငြင်းဆန်နေခြင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေ သည်။

အစ္စရေးနှင့် လေဘနွန်တို့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် သဘောတူညီထားကြသော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနှင့် ၎င်း၏တပ်ဖွဲ့ဝင်များထံသို့ လက်နက်ကြီး၊ လက်နက်ငယ် အစင်း ၂၀၀ ခန့်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်အရာရှိတစ်ဦးက ‌မေလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုအသစ်များကြောင့် လက်ဘနွန် နိုင်ငံတောင်ပိုင်းတွင် ကလေးနှစ်ဦးအပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်အာဏာပိုင်များ၏ ပြောကြားချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် လေဘနွန်တွင် လူပေါင်း ၂,၉၀၀ ကျော် သေဆုံးခဲ့ပြီး ၎င်းအနက် ၄၀၀ သည် ဧပြီ ၁၇ ရက်တွင် ယာယီအပစ်ရပ်စဲရေး စတင်ကတည်းက သေဆုံးခဲ့ခြင်းဖြစ်သည်။

Fars သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်အစိုးရက အချက်ငါးချက်ပါဝင်သော စာရင်းတစ်ခုကို တင်ပြခဲ့ပြီး ယင်းတွင် အီရန်အနေဖြင့် နျူကလီးယားစက်ရုံ တစ်ခုတည်းကိုသာ ဆက်လက်လည်ပတ်ရန်နှင့် ၎င်း၏ သန့်စင်ပြီး ယူရေနီယံသိုလှောင်မှုများကို အမေရိကန်သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက် ပါဝင်နေသည်။

ထို့အပြင် အမေရိကန်က နိုင်ငံရပ်ခြားတွင် ပိတ်ဆို့ထားသော အီရန်၏ ပိုင်ဆိုင်မှုများထဲမှ “၂၅ ရာခိုင်နှုန်း” ကိုပင် ပြန်လည်လွှတ်ပေးရန် ငြင်းဆန်ခဲ့ပြီး စစ်ပွဲအတွင်း အီရန်အပေါ် ထိခိုက်ပျက်စီးစေခဲ့မှုများအတွက် မည်သည့်လျော်ကြေးမျိုးကိုမျှ ပေးဆောင်ရန် ငြင်းဆန်ခဲ့ကြောင်း Fars သတင်းအရ သိရသည်။

တစ်ချိန်တည်းမှာပင် Mehr သတင်းဌာနက “အမေရိကန်သည် ထိရောက်သောလိုက်လျောမှုတစ်စုံတစ်ရာ မပေးဘဲ စစ်ပွဲအတွင်းက မရရှိခဲ့သော လိုက်လျောမှုများကို (ဆွေးနွေးပွဲတွင်) ရယူလိုနေပြီး ၎င်းသည် ဆွေးနွေးပွဲများကို အကျပ်အတည်းဆိုက်စေလိမ့်မည်” ဟု ဖော်ပြခဲ့သည်။