မီးသွေးကားတစ်စီးကို ဂိတ်ကြေး ၁၂ သိန်းကျော်အထိ MNDAA ကောက်ခံနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ ၁၂ မိုင်ဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က မီးသွေးလုပ်ကိုင်သည့် ဒေသခံများထံမှ မီးသွေးတစ်တန်လျှင် ယွမ် ၁၅၀ (မြန်မာကျပ်ငွေ ကိုးသောင်းခန့်) အထိ ဂိတ်ကြေးကောက်ခံနေကြောင်း ကားသမားတစ်ဦးထံမှ သိရသည်။

နမ့်ခမ်းမြို့သည် တရုတ်နယ်စပ်နှင့် နီးစပ်သည့် မြို့တစ်မြို့ဖြစ်သည့်အတွက် ဒေသခံများသည် မီးသွေးလုပ်ငန်းတစ်ခုတည်းကိုသာ အားကိုးပြီး ဘိုးဘွားစဉ်ဆက်ကတည်းက လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“၁၂ မိုင်ဂိတ်က ဖာလင်း (ဖာဒန်) ကျေးရွာအထက်မှာ ရှိပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေ ထိုင်တာ အဲဒီမှာပါ။ မီးသွေးတင်ခက အလွန်များပါတယ်။ တစ်တန်ကို ယွမ် ၁၅၀ ကောက်ပါတယ်။ ကားတစ်စီးဆိုရင် ၁၀ တန်ကနေ ၁၃ တန်အထိ ရှိပြီး ကားအမျိုးအစားပေါ်လည်း မူတည်ပါတယ်။ ပြီးတော့ ဂိတ်ကြေးကို ကျွန်တော်တို့ ပေးရတာမဟုတ်ဘဲ မီးသွေးဖုတ်တဲ့သူတွေက ပေးရတာပါ။ ကျွန်တော်တို့ကတော့ အခွန်ပဲ ဆောင်ရတာပါ” ဟု မီးသွေးတင်ဆောင်သည့် ကားသမားတစ်ဦးက ပြောသည်။

မီးသွေးဈေးနှုန်းမှာ သင်္ကြန်ကာလမတိုင်မီက တစ်တန်လျှင် ယွမ် ၁,၂၀၀ အထိ ဈေးကောင်းရခဲ့သော်လည်း ယခုအခါ မီးသွေးဈေးနှုန်း ပြန်လည်ကျဆင်းနေပြီး မီးသွေးအခြောက် တစ်တန်လျှင် ယွမ် ၁,၀၅၀၊ အစို တစ်တန်လျှင် ယွမ် ၆၀၀ သာ ဈေးရတော့သဖြင့် ဒေသခံများအနေဖြင့် အရင်းအနှီးနှင့် ရလဒ်မကိုက်ညီကြောင်း မီးသွေးဖုတ်သူ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ ၁၂ မိုင်ဂိတ်သည် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်မြို့ဘက်သို့ ထိုးစစ်ဆင်လာရာမှ နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာအထက်နားရှိ အဆိုပါဂိတ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်အမြင်တော့ ကိုးကန့်က ဂိတ်ကြေးတောင်းတာ အလွန်များပါတယ်။ တအာင်းတပ် (TNLA) ၁၂ မိုင်ဂိတ်မှာ ထိုင်တုန်းက ဂိတ်ကြေးလည်း မပေးရပါဘူး။ ကျွန်တော်တို့ စေတနာရှိသလောက် ဟင်းဖိုးပေးတာမျိုးပဲ ရှိပါတယ်။ ပြီးတော့ အခု မီးသွေးတင်ခလည်း ဈေးကြီးပါတယ်။ တစ်အိတ်ကို ငါးထောင်ကျပ်၊ ကားတစ်စီးကို ၂၄ သိန်းကျပ်နီးပါး ရှိပါတယ်။ အခုတလော မိုးအလွန်ရွာနေတော့ မီးသွေးတွေ ရေစိုလို့ တစ်တန်ကို ယွမ် ၈၀၀ ပဲ ရပါတယ်။ ကားတင်ခနဲ့ ဂိတ်ကြေး နှုတ်လိုက်ရင် အရင်းတောင် ပြန်မရပါဘူးဗျာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ဒေသခံများထံမှ မီးသွေးကားတစ်စီးလျှင် ယွမ်ငွေ ၂,၀၀၀ (မြန်မာငွေ ၁၂ သိန်းကျော်) အထိ ဂိတ်ကြေးကောက်ခံနေသည့်အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

“ကျင်ဆန်ကျော့ဘက် သွားရောင်းတဲ့သူတွေကတော့ ဂိတ်ကြေးသက်သာပြီး ဈေးကောင်းလည်း ရပါတယ်။ မီးသွေးအခြောက် တစ်တန်ကို ယွမ် ၁,၂၀၀ နဲ့ အစို တစ်တန်ကို ယွမ် ၆၀၀ ရပါတယ်။ နမ့်ခမ်းမြို့ နောင်မောဝ်ဂိတ်ဘက် သွားရောင်းရင်တော့ တစ်တန်ကို ယွမ် ၁,၀၅၀ ပဲ ရပါတယ်။ အစိုကတော့ အများဆုံး ယွမ် ၇၀၀ အထိ ရပါတယ်။ ဒါပေမဲ့ ကမ်းကူးခတော့ ပေးရတယ်” ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်နယ်စပ်နှင့် ကပ်နေသည့် နမ့်ခမ်းမြို့တွင် မီးသွေးဈေးနှုန်းများ ကျဆင်းလာခဲ့သည်မှာ နှစ်နှစ်ကျော်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်က နမ့်ခမ်းမြို့တွင် မီးသွေးတစ်တန်လျှင် ယွမ် ၂,၅၀၀ အထိ ပေါက်ဈေးရှိခဲ့ဖူးကြောင်း သိရသည်။

စာတည်း-ကိုဆန်း
ဓာတ်ပုံ-MPA