စစ်တပ်က ဆောမြို့မှ ချင်း၊ ကန်ပက်လက်မြို့သို့ စစ်ကြောင်းထိုး၊ ဆောမြို့နယ်တွင် စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသ၊ ဆောမြို့ပေါ်ရှိ စစ်ကြောင်းသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေပြီး ဆောမြို့နယ်အတွင်း၌လည်း စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသတွင်းရှိ စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် မေ ၁၆ ရက်မှစ၍ ဆောမြို့မှ ထွက်ခွာလာခဲ့ပြီး မေ ၁၈ ရက်တွင် ကန်ပက်လက်မြို့နယ်၊ ဒေသအခေါ် ခြောက်မိုင်ဝန်းကျင်သို့ ရောက်ရှိခဲ့ကာ မိထ္တီလာရှမ်းတဲလေတပ်မှ တက်လာသည့် Y-12 စစ်ထောက်ပို့လေယာဉ်တစ်စင်းဖြင့် ရိက္ခာထုပ် ၉ ထုပ်လည်း ချထားပေးခဲ့သည်။

“စစ်ကြောင်းတစ်ကြောင်းလုံး ကန်ပက်လက်ဘက်ကို တက်သွားတာ။ မြို့ပေါ်မှာလည်း နည်းနည်းတော့ ကျန်ခဲ့တယ်။ လောင်းရှည်မှာလည်း စစ်ကြောင်းတစ်ကြောင်း ထပ်ရောက်နေတာဆိုတော့ ဂရုစိုက်ကြရဦးမှာပါ။ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက MPA သို့ ပြောကြားသည်။

အဆိုပါ စစ်ကြောင်းသည် ဆောမြို့မှတစ်ဆင့် ကန်ပက်လက်မြို့ဘက်သို့ ဦးတည်နေကြောင်း ကြားသိရပါသဖြင့် မြို့ပေါ်နေပြည်သူများ ဂရုစိုက်နေထိုင်ကြပါရန် ကန်ပက်လက်မြို့ လူသားစာနာဘေးစီမံဌာနက မေ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ဆောမြို့နယ်၊ တပြင်းကျေးရွာ၌ ရောက်ရှိနေသည့် စစ်ကော်မရှင်စစ်ကြောင်းမှာလည်း လက်ရှိအချိန်ထိ ကျောက်ထုမြို့သို့ မရောက်ရှိသေးဘဲ တပြင်းကျေးရွာ၌သာ ရှိနေသေးသည်။

ယမန်နေ့ (မေ ၁၈ ရက်)၊ နံနက်အစောပိုင်း၌လည်း ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) မှ ထွက်လာသည့် စစ်ကြောင်းမှာ ငလွန်းကျေးရွာမှတစ်ဆင့် အရှေ့ဘက်အရပ်ဆီသို့ ဦးတည်ထွက်ခွာနေကြောင်း သိရသည်။

“စစ်ကြောင်းက အဲဒီရွာမှာပဲ ရှိနေသေးတာ။ မနေ့က (မေ ၁၈ ရက်) ညနေကလည်း ဖိုက်တာနှစ်စင်းနဲ့ ဗုံးကြဲသွားသေးတယ်။ အထိအခိုက်ကတော့ မသိရဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

တပြင်းကျေးရွာ၌ ရှိနေသည့် စစ်ကြောင်းက မေ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် ကျေးရွာအတွင်းပိတ်မိနေသည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းများ တင်ဆက်ပေးနေသည့် ယောအလင်းတန်းက ဖော်ပြထားသည်။

ပြီးခဲ့သည့် မေ ၁၆ ရက်၊ ညပိုင်းတွင်လည်း လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ မှ လောင်းရှည်မြို့ထဲသို့ စစ်ကား ၈ စီးနှင့် စစ်အင်အားအချို့ ရောက်ရှိနေကြောင်း သိရသည်။

“အခု နောက်ထပ် ဆိပ်ဖြူဘက်ကနေ နောက်တစ်ကြောင်း ထပ်လာနေတယ်။ လောင်းရှည်မှာလည်း ထပ်ရောက်နေတယ်။ အင်အားကလည်း အရမ်းများတယ်။ စစ်ကြောင်းတွေက ဘယ်ကိုသွားမလဲဆိုတာ ခန့်မှန်းလို့မရဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယောဒေသတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

လက်ရှိ စစ်ကော်မရှင်စစ်ကြောင်းထိုးနေသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်၊ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ ရက်၊ မတူပီမြို့ကို ဇွန် ၂၉ ရက်၊ ကျင်ဒွေးမြို့တို့ကို ဧပြီ ၂၉ ရက်တို့တွင် ချင်းညီနောင် (Chin Brotherhood – CB) အဖွဲ့က သိမ်းပိုက်ထားခြင်း ဖြစ်သည်။

စာတည်း-ကိုဆန်း