ပရိတ်သတ်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့် မောင်မောင်လွင်အား MFF ပြစ်ဒဏ်အကုန်ရုပ်သိမ်းပေးမှု ပြည်သူများဝေဖန်

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွင်း ပရိတ်သတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အပေါ် ချမှတ်ထားသော (၆) လ ပွဲပယ်ပြစ်ဒဏ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အယူခံကော်မတီက လုံးဝကင်းလွတ်ခွင့်ပြု (ရုပ်သိမ်း) ပေးလိုက်သည့်အပေါ် ဘောလုံးပရိသတ်များနှင့် ပြည်သူများအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က သန်လျင်သီဟဒီပကွင်းတွင် ကစားခဲ့ကြသည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ် (၁၂၂) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ပရိသတ်ကို လက်ရောက်ကျူးလွန်ခဲ့သည့် မောင်မောင်လွင်အား MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီက မြန်မာနေရှင်နယ်လိဂ်အပါအဝင် ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများတွင် (၆) လအထိ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ငွေ ကျပ်သိန်း (၃၀) ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

သို့သော်လည်း ကစားသမား မောင်မောင်လွင်က မေလ ၁၁ ရက်နေ့တွင် အယူခံလွှာတင်သွင်း အသနားခံခဲ့ပြီးနောက်၊ MFF အယူခံကော်မတီက MFF စည်းမျဉ်းဥပဒေ (MFF Statute) အယူခံကော်မတီပုဒ်မ ၆၃.၂ အရ ပြန်လည်သုံးသပ်ကာ ပြစ်ဒဏ်များအား လျှော့ပေါ့သက်ညှာသည့် ဆုံးဖြတ်ချက်ကို မေလ ၁၅ ရက်နေ့တွင် ချမှတ်ခဲ့ပြီး ယနေ့ မေလ ၁၉ ရက်တွင် တရားဝင်ထုတ်ပြန်လာခြင်းဖြစ်သည်။

MFF အယူခံကော်မတီ၏ ထုတ်ပြန်ချက်အရ မောင်မောင်လွင်အပေါ် ချမှတ်ထားသည့် (၆) လ ကွင်းပိတ်ပြစ်ဒဏ်အား လာမည့် ၂၀၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှစတင်ကာ လုံးဝကင်းလွတ်ခွင့်ပြု (ရုပ်သိမ်း) ပေးလိုက်ပြီး၊ အကယ်၍ အလားတူဖြစ်စဉ်မျိုး နောက်ထပ်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ယခုထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များဖြင့် အရေးယူမည်ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။

ထို့ကြောင့် မောင်မောင်လွင်သည် ပြစ်ဒဏ်ကျခံရပြီး ၂ လခွဲဝန်းကျင်အကြာတွင်ပင် ပြည်တွင်းကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိတော့မည်ဖြစ်သည်။

ထို့ပြင် (၆) လ ပွဲပယ်ပြစ်ဒဏ် ကျခံနေရသည့် ကာလအတွင်းမှာပင် မောင်မောင်လွင်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲများတွင် ဆက်လက်ပါဝင်ကစားခွင့်ရှိသည်ဟု MFF က အခွင့်ထူးခံအဖြစ် ထည့်သွင်းသတ်မှတ်ပေးခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ပေးရသည့် အကြောင်းရင်းအဖြစ် မောင်မောင်လွင်သည် အသက် ၁၉ နှစ်အောက် အရွယ်ကတည်းက လက်ရွေးစင်အသင်းအတွက် ပြည်တွင်း/ပြည်ပ နိုင်ငံတကာပွဲပေါင်း (၇၆) ပွဲအထိ ပါဝင်ကစားပေးခဲ့ခြင်း၊ လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေခြင်းနှင့် ကစားသမားကိုယ်တိုင် အမှားကိုသိရှိပြီး တောင်းပန်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု MFF က ဆင်ခြေပေး ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက် လူမှုကွန်ရက်ပေါ်သို့ ရောက်ရှိလာပြီးနောက် မြန်မာ့ဘောလုံးပရိသတ်များနှင့် ပြည်သူများက “လွယ်လိုက်တာ၊ အာဏာရှင်နိုင်ငံဆိုတော့လည်း မြန်မာ့လက်ရွေးစင် ပရိတ်သတ်အမျိုးသမီးကို ရိုက်တဲ့ကောင်က လွတ်ငြိမ်းချမ်းသာခွင့် ရတာပေါ့” ဟု ခံပြင်းစွာ ဝေဖန်နေကြသည်။

တရားဥပဒေစိုးမိုးမှုမရှိဘဲ စစ်အုပ်စု၏ ဖိနှိပ်မှုအောက်တွင် ရှိနေသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြည်သူကို စော်ကားသည့် ကစားသမားဘက်ကသာ ဗြောင်ကျကျ ရပ်တည်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြည်သူများက ထောက်ပြပြောဆိုနေကြသည်။

ဓာတ်ပုံ – MFF