ထရန့်နှင့် ဆွေးနွေးလိုကြောင်း ထိုင်ဝမ်အစိုးရပြော

Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သမ္မတ လိုင်ချင်းတယ်တို့ ဆွေးနွေးပြောဆိုခွင့်ရလိုကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၁ ရက် ပြောကြားသည်။

အမေရိကန်အစိုးရက သံတမန်ရေးအရ အသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ တရုတ်သို့ ၁၉၇၉ ခုနှစ်တွင် ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် ထိုင်ဝမ် သမ္မတများသည် တိုက်ရိုက်စကားပြောဆိုခြင်း မရှိခဲ့ကြပေ။

ထရန့်ကလည်း ၎င်းအနေဖြင့် လိုင်နှင့် စကားပြောဆိုသွားမည်ဖြစ်ကြောင်း မေလ ၂၀ ရက်က ပြောကြားခဲ့သော်လည်း အသေးစိတ်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

လိုင်ချင်းတယ်က ထရန့်နှင့် စကားပြောခွင့်ရရှိပါက တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်နေကြောင်းနှင့် မိမိတို့အစိုးရအနေဖြင့် ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်တည်ငြိမ်မှုကို လက်ရှိအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားမည်ဟု မေလ ၂၀ ရက်က ပြောကြားသည်။

“သမ္မတလိုင်ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ တည်ငြိမ်တဲ့ လက်ရှိအခြေအနေကို ထိန်းသိမ်းဖို့ သန္နိဋ္ဌာန်ချထားရုံတင်မကဘဲ၊ သမ္မတထရန့်နဲ့လည်း ဒီကိစ္စရပ်တွေကို ဆွေးနွေးဖို့ ဝမ်းမြောက်လျက်ရှိပါတယ်” ဟု ဝန်ကြီးဌာနက အသေးစိတ်ဖော်ပြခြင်းမရှိဘဲ ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းက သမ္မတအဖြစ်ရွေးချယ်ခံထားရအပြီး တာဝန်မထမ်းဆောင်စဉ်က ထရန့်သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် ထံသို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် စကားပြောဆိုခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် အမေရိကန်၏ သံတမန်ရေးရာ ထုံးတမ်းစဉ်လာကို ချိုးဖောက်ခဲ့ဖူးသည်။

တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို ဟန့်တားနိုင်ရန် လက်နက်ရောင်းချမှုများ အပါအဝင် ထိုင်ဝမ်အပေါ် အမေရိကန်၏ ကာလရှည်ကြာ စစ်ရေးအရ ပံ့ပိုးကူညီမှုများအပေါ် ပေကျင်းအစိုးရက မကျေမနပ် ဖြစ်လျက်ရှိသည်။