စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်တပ် မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မေလ ၁၉ရက်၊ နံနက်ပိုင်းတွင် မြင်မူမြို့နယ်၊ မြောင်-မြင်းမူလမ်းခွဲအထိုင်စခန်းမှ စစ်အုပ်စုဝင် ၃၀ကျော်သည် မြင်းမူမြို့နယ်၊ အလကပ္ပကျေးရွာဘက်သို့ ဆက်ကြေးကောက်ရန် လာစဉ် ယင်းကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းဘုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
” မိုင်းကတော့ ပဒေသာပေါ့။ ပဒေသာ ၅လုံးတစ်တွဲပေါ့။ ထိခိုက်တဲ့ သေဆုံးမှုကတော့ မြေပြင် ကင်းထောက်ရဲ့ ပြောကြားချက်အရ အတည်ပြုနိုင်တာ” ဟု ဒေါင်းဘုရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
” ဆုတ်တာတော့ တောက်လျှောက်ဆုတ်သွားတာမရှိဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့တဲ့အနေအထားပေါ့။ ဒါကတော့ မြင်းမူဆေးရုံပို့ပေးတဲ့ အနေအထားရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ဒေါင်းဘုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း တစ်၊ မြင်းမူမြို့နယ် ပကဖနှင့် မုံရွာခရိုင်ပကဖလက်ရုံတပ် လျှပ်စီးတပ်ခွဲ အဖွဲ့တို့ ပူးပေါင်းဆင်နွှဲ ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
