By Khaosod English
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်ရက်ချာဆီမာခရိုင် (ကိုရတ်) ရှိ ဂျီရာရထားဘူတာအနီး ရထားလမ်းဘေးတွင် ပြင်းထန်သော ဓားထိုးဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲနေသည့် မြန်မာနိုင်ငံသားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။
နခွန်ရက်ချာဆီမာခရိုင် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မေလ ၂၀ ရက်နေ့ ညနေပိုင်းတွင် မောင်ခရိုင် (မြို့နယ်)၊ ဂျီရာလမ်းရှိ ရထားလမ်းဘေး၌ ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းပေးတိုင်ကြားချက် ရရှိခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
မောင်နခွန်ရက်ချာဆီမာ ရဲစခန်းမှ ရဲမှူးကြီး သီရိချိုင်း သီရိချိုင်ပန်ညာ (Pol. Col. Sirichai Srichaipanya) ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားချိန်တွင် လွယ်အိတ်တစ်လုံးကို ဖက်လျက် ပြင်းထန်ဒဏ်ရာများဖြင့် မြေပြင်ပေါ်၌ လဲကျနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရသည်။
အဆိုပါ ဓားထိုးခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုအောင်ကျော်စိုး ဖြစ်ပြီး ၎င်း၏ ညာဘက်ရင်အုံတွင် ပြင်းထန်သော ဓားထိုးဒဏ်ရာ ရရှိထားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ ကယ်ဆယ်ရေးသမားများက အခင်းဖြစ်နေရာတွင် ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီးနောက် ၎င်းအား မဟာရတ် နခွန်ရက်ချာဆီမာ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အခင်းဖြစ်ပွားရာနေရာတွင် အဝတ်အထည်အချို့နှင့် အရက်ပုလင်းများကို တွေ့ရှိခဲ့ရသော်လည်း ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓား သို့မဟုတ် သံသယရှိသူကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ စုံစမ်းစစ်ဆေးသူများကမူ ရန်ပြုတိုက်ခိုက်သူသည် အဝေးသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိသေးဟု ယူဆထားပြီး တရားခံကို ဖမ်းဆီးရမိရေးအတွက် အပြင်းအထန် လိုက်လံရှာဖွေလျက်ရှိသည်။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါနေရာမှာ စွန့်ပစ်ထားသည့် ဆိုဖာများနှင့် အမှိုက်ဟောင်းများ ရှိနေသည့် အမှိုက်ပုံနေရာတစ်ခု ဖြစ်သဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ လာရောက်ခိုလှုံလေ့ရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးက ၎င်းအနေဖြင့် အမှိုက်ပုံအနီးရှိ ဆိုဖာဟောင်းတစ်ခုဘေးမှ အကူအညီတောင်းခံကာ အော်ဟစ်သံများကို ကြားခဲ့ရကြောင်း၊ ထို့ကြောင့် လမ်းတစ်ဖက်သို့ ကူးကာ သွားရောက်ကြည့်ရှုရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် အမျိုးသားကို မြေပြင်ပေါ်၌ တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့နှင့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ထံသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
