စစ်ကော်မရှင်က ၎င်းတို့ ပြန်လည်သိမ်းပိုက်ထားသည့် မြို့များ၌ စစ်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာယန္တရားများ လည်ပတ်နိုင်ရန် ကြိုးစားနေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရှိရသည်။
ပြီးခဲ့သည့် မေ ၉ ရက်၌ စစ်ကော်မရှင်က မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတစ်လျှောက်ရှိ မြို့များ၌ စစ်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများအပြင် အခြားသော အသုံးအဆောင်ပစ္စည်းများကို ယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း မေ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
“ရက်တစ်ရာ စီမံကိန်းဆိုပြီး အရင်ကထက် လူသတ်၊ လုယက်တာတွေ ကျူးလွန်နေတာပါ။ လေကြောင်းသုံးတာ အရမ်းများလာတယ်။ ငြိမ်းချမ်းရေးဆိုပြီး ပြောနေပေမဲ့ လက်တွေ့မကျဘူး။ စစ်တပ်က သူတို့ထိန်းချုပ်တယ်ဆိုပြီး ကြေညာနေတာပဲ ရှိတာ၊ မြေပြင်မှာ သူတို့ရဲ့ ယန္တရားအလုံးစုံက ပြန်မလည်ပတ်နိုင်ပါဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကော်မရှင်၏ တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်များတွင်လည်း ပြန်လည်သိမ်းပိုက်ထားသည့် မြို့များ၌ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိနေပြီဟု ဖော်ပြထားသည်။
စစ်ကော်မရှင်နှင့်အတူ NON CDM ဝန်ထမ်းများလည်း အင်းတော်မြို့ပေါ်သို့ ရောက်ရှိလာပြီး နဘားနှင့် မော်လူးမြို့တို့တွင် ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဟု သိရကြောင်း Indaw Revolution – IR က ဖော်ပြထားသည်။
“စစ်တပ်ကတော့ သူတို့ ပြန်သိမ်းထားတဲ့ မြို့တွေထဲ ပြည်သူတွေကို ပြန်ဝင်ပြီးနေလို့ရတယ်လို့ ပြောတယ်။ မြို့ထဲကို ပြန်ဝင်ပြီး နေတဲ့သူက နည်းတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာမှာလည်း ကြောက်နေကြတယ်” ဟု မန္တလေးမြို့သို့ စစ်ရှောင်လာသည့် အင်းတော်မြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် မေ ၁၃ ရက်တွင် စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာရှိ အင်အား ၁၀၀ ဝန်းကျင်ရှိသည့် အထိုင်စခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ခဲ့သည်။
မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူး၊ မိုးကုတ်မြို့နယ်တွင်လည်း စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေပြီး၊ ချင်းပြည်နယ်ရှိ ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု စစ်လော်ဘီများက ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်များ၌ မေလဆန်းပိုင်းတွင် ဖော်ပြထားသည်။
“လော်ဘီတွေက မြို့တွေကို ပြည်သူတွေက သိမ်းခိုင်းတာပါဆိုပြီး ဇွတ်အော်နေကြတာ။ တကယ်က ပြည်သူ့ဆန္ဒကမပါဘဲ လော်ဘီအော်သမျှ စစ်တပ်က လိုက်လုပ်နေရတာ။ လူသတ်၊ ဗုံးကြဲနေတာ ဘယ်ပြည်သူက ကြိုက်မလဲ” ဟု စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတစ်ဦးက ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အစိုးရ၏ ရက် (၁၀၀) စီမံချက်သည် ပြတ်ပြတ်ထင်ထင်မရှိဘဲ အုပ်ချုပ်နိုင်စွမ်း အကန့်အသတ်ရှိနေချိန်တွင် ထွက်ပေါ်လာသော ယင်းမူဝါဒများသည် ယေဘုယျဆန်ပြီး ခိုင်မာမှုမရှိသည့်အပြင် အရေးအကြီးဆုံးဖြစ်သော စီးပွားရေး နာလန်ထူစေမည့် အချက်များလည်း မပါဝင်ကြောင်း ISP Myanmar (မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု) က မေ ၅ ရက် အစီရင်ခံစာ၌ ဖော်ပြထားသည်။
စစ်ကော်မရှင်က ၂၀၂۵ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မန္တလေး၊ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူး၊ နန့်စီးအောင်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ကို ၂၀၂၆ ခုနှစ်၊ မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ကြေညာထားသည်။
စာတည်း-ကိုဆန်း
