နိုင်ငံတော်သမ္မတရာထူးကို ရယူထားသည့် အတုအယောင်သမ္မတ မင်းအောင်လှိုင်သည် နေပြည်တော်၌ ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ပြီး ပြည်ထောင်စုကြီးမပြိုကွဲအောင် ကြိုးပမ်းခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ ထုဆစ်ရန် စီစဉ်နေကြောင်း သိရသည်။
ယင်းလုပ်ရပ်သည် ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ကဲ့သို့ သမိုင်းဝင် စစ်အာဏာရှင်ဟောင်းကြီးများနှင့်အတူ ဦးမင်းအောင်လှိုင်၏ ရုပ်တုကိုပါ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဇွတ်အတင်း သွတ်သွင်းရန် ကြံရွယ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်သူများက ဝေဖန်ကြသည်။
အာဏာသိမ်းပြီးကတည်းက စစ်ကော်မရှင်သည် ၎င်းတို့၏ လုပ်ရပ်များနှင့် မြေပြင်စစ်ပွဲများ အားလုံးကို ပြည်ထောင်စုကြီး မပြိုကွဲရေး ဆိုသည့် ဆင်ခြေဖြင့်သာ အမြဲတမ်း ဗန်းပြလေ့ရှိပြီး ယခုတည်ဆောက်မည့် ပြည်ထောင်စုဂုဏ်ပြုဗိမာန်ဆိုသည့် ခေါင်းစဉ်အောက်တွင် ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုများ၌ တိုင်းပြည်ပြိုကွဲတော့မလို ဖြစ်သဖြင့် စစ်တပ်က ဝင်ရောက်ကယ်တင်ခဲ့ရခြင်းဖြစ်သည် ဆိုသည့် စစ်တပ်၏ ဝါဒဖြန့် သမိုင်းအမှားများကို ပြန်လည်အသက်သွင်းကာ အာဏာရှင်ဟောင်းကြီးများ၏ ပုံရိပ်များကို ရုပ်တုကျောက်တုံးများဖြင့် အမွမ်းတင်ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
“မြန်မာ့စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့ရဲ့နောက်ဆုံးကာလတွေမှာ သမိုင်းဝင်အဆောက်အအုံကြီးတွေဆောက်တာ၊ ဘုရားတည်တာတွေအပြင် သူတို့ကိုယ်သူတို့ နိုင်ငံတော်ရဲ့ကယ်တင်ရှင်ကြီးတွေအဖြစ် သမိုင်းကျန်ရစ်ချင်တဲ့စိတ် (Legacy Building) ရှိကြတာကို သမိုင်းမှာ တွေ့နိုင်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နေဝင်းနဲ့သန်းရွှေက အာဏာရှင်လုပ်ခဲ့တာ လူတကာအသိပဲလေ၊ မင်းအောင်လှိုင်ကလည်း အာဏာသိမ်းပြီးတော့ ပြည်ထောင်စုမပြိုကွဲရေးဆိုတာကိုပဲ ခေါင်းစဉ်တပ်ခဲ့တာ၊ အခုလည်းမင်းအောင်လှိုင်ဟာ မြန်မာ့သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေ၊ အာဏာရှင်ဟောင်းကြီးတွေရဲ့ဘေးမှာ သူ့ရုပ်တုကိုပါ ယှဉ်တွဲထုဆစ်ပြီး နောင်လာနောက်သားတွေအပေါ် သမိုင်းလိမ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဤစီမံကိန်းသည် ဦးနေဝင်း၊ ဦးသန်းရွှေ မှသည် ဦးမင်းအောင်လှိုင်အထိ စစ်အာဏာရှင်များကို တိုင်းပြည်၏ ကျေးဇူးရှင်ကြီးများအဖြစ် ဇာတ်သွင်းရန် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
မိမိတို့ ကျူးလွန်ခဲ့သည့် ဥပဒေမဲ့ အာဏာလုမှုများကို သမိုင်းကြောင်းအရ တရားဝင်မှု (Historical Legitimacy) ရရှိစေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တကယ့်လွတ်လပ်ရေးဖခင်၏ အရှိန်အဝါကို ခုတုံးလုပ်ကာ အာဏာရှင်များ၏ ရုပ်တုများကို ဘေးမှ ကပ်လျက် ထည့်သွင်းရန် ကြံစည်နေခြင်းမှာ ထင်ရှားလှကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။
“မြေပြင်မှာတော့ တစ်နိုင်ငံလုံး စစ်မီးတောက်ပြီး ပြည်သူတွေ ဒုက္ခရောက်နေချိန်၊ စီးပွားရေးနဲ့ ကုန်ဈေးနှုန်းတွေ အထိန်းအကွပ်မရှိ ကျဆင်းနေချိန်မှာ နေပြည်တော်ထဲမှာပဲ ဗိသုကာလက်ရာတွေ၊ 3D ပုံစံတွေနဲ့ ရုပ်တုထုဖို့ လမ်းညွှန်နေတာဟာ လက်တွေ့အမှန်တရားကို မျက်ကွယ်ပြုထားတဲ့ သွေးအေးလွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပြည်သူတွေ ငတ်ပြတ်နေချိန်မှာ ငွေကြေးသိန်းပေါင်းများစွာ အကုန်အကျခံပြီး အာဏာရှင်တွေရဲ့ ရုပ်တုလုပ်ဖို့ စီစဉ်နေတာဟာ သူတို့ရဲ့ ဖော်မပြနိုင်တဲ့ အတ္တကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရုပ်တုထုဆစ်ရန် ကြိုးပမ်းမှုသည် လက်အောက်ခံ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် လက်ကျန်ထောက်ခံသူများကြားတွင် မိမိတို့သည် ပြည်ထောင်စုကို ကာကွယ်နေခြင်းဖြစ်သည် ဆိုသည့် မှိုင်းအမှားများကို ဆက်တိုက်ရိုက်သွင်းရန် ရည်ရွယ်သည့် ဝါဒဖြန့် ယန္တရားတစ်ခုလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
မင်းအောင်လှိုင် လုပ်ဆောင်မည့် ပြည်ထောင်စုဂုဏ်ပြုဗိမာန်၌ ပြည်ထောင်စုမပြိုကွဲအောင် ကြိုးပမ်းခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုဆိုသည်မှာ သားကောင်များကို သတ်ဖြတ်ခဲ့သည့် ကျားက ၎င်းကိုယ်၎င်း ကယ်တင်ရှင်အဖြစ် ကဗ္ပည်းထိုးရန် ကြိုးစားခြင်းမျိုးသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။
စာတည်း-ကိုဆန်း
