ဟော်မုဇ်ရေလက်ကြားတွင် နှစ်လကျော် ပိတ်မိနေသည့် ရေနံစိမ်းစည် ၆ သန်းတင် စူပါသင်္ဘောကြီးများ အာရှဈေးကွက်သို့ ထွက်ခွာခွင့်ရ

ဓာတ်ပုံ - Reuters

Reuters

ကမ္ဘာ့ရေနံနှင့် စွမ်းအင်ကဏ္ဍ၏ အဓိကရေကြောင်းလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်းရှိ ပင်လယ်ကွေ့၌ နှစ်လကျော်ကြာ ပိတ်မိနေခဲ့သည့် ရေနံစိမ်းစည်ပေါင်း ၆ သန်း တင်ဆောင်လာသော စူပါရေနံတင်သင်္ဘော (Supertanker) ကြီး သုံးစင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အာရှဈေးကွက်များသို့ ဦးတည်ကာ ရေလက်ကြားကို ဖြတ်ကျော်မောင်းနှင်ခွင့် ရရှိခဲ့ကြောင်း LSEG နှင့် Kpler တို့၏ သင်္ဘောသယ်ယူပို့ဆောင်ရေး အချက်အလက်များအရ သိရသည်။

အဆိုပါ ရေနံတင်သင်္ဘောကြီးများသည် အီရန်အစိုးရက သတ်မှတ်ပေးထားသည့် ရေကြောင်းလမ်းညွှန်ချက်အတိုင်း ယခုလအတွင်း ပင်လယ်ကွေ့မှ ပထမဆုံးအကြိမ် ပြန်လည်ထွက်ခွာခွင့်ရသည့် သင်္ဘောအနည်းငယ်ထဲတွင် ပါဝင်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား စစ်ပွဲကြောင့် ကမ္ဘာ့ရေနံနှင့် စွမ်းအင်ထောက်ပံ့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား၏ ရေကြောင်းကုန်သွယ်မှုကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေခဲ့သည်။

အချက်အလက်များအရ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကတည်းက ကူဝိတ်နိုင်ငံမှ ရေနံစိမ်းစည် ၂ သန်း တင်ဆောင်ထားသည့် တောင်ကိုရီးယားအလံစိုက် ‘Universal Winner’ အမည်ရှိ အလွန်ကြီးမားသော ရေနံတင်သင်္ဘောကြီး (VLCC) သည် တရုတ်ရေနံတင်သင်္ဘောနှစ်စင်း၏ နောက်ကွယ်မှ ရေလက်ကြားကို ဖြတ်ကျော်ထွက်ခွာခဲ့ကြောင်း ပြသနေသည်။

အဆိုပါ ကိုရီးယားသင်္ဘောသည် လာမည့် ဇွန်လ ၉ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ရေနံချက်စက်ရုံ SK Energy ရှိရာ အူဆန် (Ulsan) ဆိပ်ကမ်းသို့ ရောက်ရှိကာ ရေနံများ ချရမည်ဖြစ်သည်။

စစ်ပွဲမစတင်မီကာလက ဟော်မုဇ်ရေလက်ကြားကို နေ့စဉ် ဖြတ်သန်းသွားလာသည့် သင်္ဘောအရေအတွက်မှာ ပျှမ်းမျှ ၁၂၅ စင်းမှ ၁၄၀ စင်းအထိ ရှိခဲ့သော်လည်း လက်ရှိတွင် ပင်လယ်ကွေ့အတွင်း၌ သင်္ဘောရာပေါင်းများစွာနှင့်အတူ ရေလုပ်သားပေါင်း ၂၀,၀၀၀ ခန့် ပိတ်မိနေဆဲ ဖြစ်သည်။

ရိုက်တာသတင်းဌာန၏ သင်္ဘောခြေရာခံစနစ် ခွဲခြမ်းစိတ်ဖြာချက်အရ မကြာသေးမီရက်ပိုင်းအတွင်း ရေလက်ကြားအတွင်းသို့ ဝင်၊ ထွက်သွားလာသည့် သင်္ဘောအရေအတွက်မှာ တစ်ရက်လျှင် ပျှမ်းမျှ ၁၀ စင်းခန့်သာ ရှိတော့ကြောင်း သိရသည်။

ယင်းတို့အထဲတွင် ကုန်တင်သင်္ဘောများ၊ ဓာတုပစ္စည်းနှင့် သဘာဝဓာတ်ငွေ့ရည် (LPG) တင်သင်္ဘောများသာ အများစုပါဝင်ပြီး ရေနံစိမ်းတင်သင်္ဘောကြီးများမှာမူ အနည်းငယ်မျှသာ ရှိသေးသည်။

အမေရိကန်ရေတပ်က ဦးဆောင်သည့် ပူးတွဲရေကြောင်းသတင်းပြန်ကြားရေးဗဟိုဌာန (JMIC) ကလည်း “လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း အီရန်စစ်ဘက်အုပ်စုတွေရဲ့ ရန်လိုတဲ့ သတိပေးမှုတွေနဲ့ တင်းကျပ်တဲ့ အရေးယူမှုတွေ ရှိနေတာကြောင့် အဆိုပါဒေသရဲ့ ရေကြောင်းအန္တရာယ်ဟာ မြင့်မားနေဆဲဖြစ်ပါတယ်” ဟု အင်္ဂါနေ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထွက်ခွာခွင့်ရသည့် သင်္ဘောများအနက် တရုတ်အလံစိုက် ‘Yuan Gui Yang’ အမည်ရှိ စူပါသင်္ဘောကြီးသည် စစ်ပွဲမစတင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက အီရတ်နိုင်ငံ ဘာဆရာ (Basrah) ရေနံစိမ်းစည် ၂ သန်း တင်ဆောင်ပြီး ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ အဆိုပါသင်္ဘောသည် လာမည့် ဇွန်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်သည်။

ထို့ပြင် ဟောင်ကောင်အလံစိုက် ‘Ocean Lily’ အမည်ရှိ တရုတ်နိုင်ငံပိုင် သင်္ဘောကြီးသည်လည်း ကာတာနှင့် အီရတ်နိုင်ငံထုတ် ရေနံစိမ်းစည် ၂ သန်း တင်ဆောင်ကာ ဇွန်လ ၅ ရက်နေ့တွင် ဖူကျန်ပြည်နယ် ဆိပ်ကမ်းသို့ ရောက်ရှိရန် မောင်းနှင်နေပြီ ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း ‘Yuan Hua Hu’ အမည်ရှိ တရုတ်သင်္ဘောတစ်စင်းသည် အီရတ်ရေနံစည် ၂ သန်းနှင့်အတူ ရေလက်ကြားမှ ထွက်ခွာသွားနိုင်ခဲ့သည်။

တစ်ဖက်တွင်မူ ဆိုက်ပရပ်စ်အလံစိုက် ‘Grand Lady’ အမည်ရှိ အလွတ်ဖြစ်သော ရေနံတင်သင်္ဘောကြီးတစ်စင်းသည် ၎င်း၏ တည်နေရာပြစနစ် (Transponder) ကို ပိတ်ထားပြီး ဟော်မုဇ်ရေလက်ကြားအတွင်းသို့ ဝင်ရောက်လာကာ လက်ရှိတွင် ဒူဘိုင်းကမ်းလွန်၌ ကျောက်ချရပ်နားထားကြောင်း LSEG အချက်အလက်များအရ သိရသည်။

ဓာတ်ပုံ – Reuters