By Khaosod English
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား နှစ်သန်းကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ငါးသိန်းခန့်ကို လက်ခံအခြေချခွင့်ပေးထားသည့် ထိုင်းနိုင်ငံတွင် အဆိုပါလုပ်သားများသည် လူထုကြား၌ မထင်မရှား ကွယ်ပျောက်နေဆဲ ဖြစ်သည်။
ယင်းမှာ ရုပ်ပိုင်းဆိုင်ရာအရ အသွင်အပြင်ချင်း တူညီကြခြင်းကြောင့်လည်း ဖြစ်နိုင်သလို၊ အခြားတစ်ဖက်တွင်လည်း ၎င်းတို့သည် ထိုင်းနိုင်ငံ၏ ပင်လယ်စာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အပါအဝင် ကဏ္ဍအသီးသီး၌ ပင်ပန်းဆင်းရဲပြီး လုပ်ခလစာနည်းပါးသည့် အလုပ်သမားကဏ္ဍများကို တာဝန်ယူကာ ထိုင်းစီးပွားရေး၏ မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေမှုကို လူသိရှင်ကြား အသိအမှတ်ပြု ခံရလေ့မရှိခြင်းကြောင့်လည်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် Khaosod သတင်းဌာနက ဖော်ပြထားသည် ။
သို့သော်လည်း ယခုလာမည့် စနေနေ့တွင် အဆိုပါ ရွှေ့ပြောင်းလုပ်သားများ၏ ပံ့ပိုးကူညီမှုများကို နောက်ကျသော်လည်း ဂုဏ်ပြုအသိအမှတ်ပြုသည့် အနေဖြင့် ဘန်ကောက်မြို့၏ အချမ်းသာဆုံး လူကုံထံရပ်ကွက်တစ်ခုဖြစ်သော သောင်လော် (Thonglor) ဆွိုင် ၉ နှင့် ဆွိုင် ၁၁ ကြားရှိ လမ်းကြားတစ်ခုတွင် အနုပညာနံရံပန်းချီကားကြီး (Mural Painting) တစ်ခုကို ဖွင့်လှစ်စိုက်ထူခြင်းဖြင့် ယင်းအခြေအနေကို ပြုပြင်ပြောင်းလဲရန် ကြိုးစားမည်ဟု ထိုင်းသတင်းဌာနတွင် ရေးသားထားသည်။
အဆိုပါ နံရံပန်းချီကားကြီးမှာ အလျား ၁၂ မီတာနှင့် အမြင့် ၁၀ မီတာအထိ ရှိသဖြင့် သေးငယ်သော ပန်းချီကားတစ်ချပ် မဟုတ်ပေ။
ပန်းချီဆရာအဖွဲ့ကို ပါရီမြို့အခြေစိုက် မြန်မာအနုပညာရှင် ချူးဝေ (Chuu Wai) က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဆူးရစ်၊ တူးလူးစ်၊ မာဆေးလ် အပါအဝင် ဥရောပတစ်ခွင်နှင့် အိန္ဒိယနိုင်ငံတို့တွင် နံရံပန်းချီများ ရေးဆွဲခဲ့သည့် အတွေ့အကြုံရှိသူ ဖြစ်သည်။
ထို့ပြင် ဘန်ကောက်မြို့အခြေစိုက် မြန်မာအနုပညာရှင်နှစ်ဦးဖြစ်သည့် စိုင်းချစ်မင်း (Sai Chit Min) နှင့် ခန့်ဝင်း (Khant Win – YG) တို့ကလည်း ပူးပေါင်းပါဝင် ရေးဆွဲခဲ့ကြသည်။
ဤစီမံကိန်းကို အရှေ့တောင်အာရှအကြောင်း ပိုမိုနားလည်သဘောပေါက်လာစေရန် ရည်ရွယ်သည့် ဘန်ကောက်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် SEA Junction က စတင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယင်းကို ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေပံ့ပိုးထားသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ‘Ship to Shore Rights’ အစီအစဉ်အပြင် နော်ဝေပြည်သူ့လူထုကူညီရေးအဖွဲ့ (NPA) အပါအဝင် အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ပန်းချီရေးဆွဲရန် နေရာကိုမူ ချူးဝေ ကိုယ်တိုင် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ရှာဖွေမှုမှတစ်ဆင့် သောင်လော် ဟောက်စ် တေးဂီတဘားနှင့် စားသောက်ဆိုင် (Thonglor House Music Bar and Restaurant) ၏ နံရံကို ရွေးချယ်နိုင်ခဲ့ပြီး ဆိုင်ပိုင်ရှင် ခွန်ဂျီယပ် (Khun Jiab) က အဆိုပါပန်းချီကားကို လာမည့် နှစ်နှစ်တာကာလပတ်လုံး ထိန်းသိမ်းစောင့်ရှောက်ပေးသွားမည် ဖြစ်သည်။
ယခင်က အခြားနေရာအချို့၌ နေရာအသုံးပြုခအတွက် မည်မျှပေးရမည်နည်းဟု အိမ်ပိုင်ရှင်အချို့က မေးမြန်းခဲ့ကြဖူးကြောင်း ၎င်းက ဆိုသည်။
“ကျွန်မက ဒါဟာ အများပြည်သူဆိုင်ရာ အနုပညာ (Public Art) ပါလို့ ပြောပြခဲ့ရတယ်။ တစ်ချိန်ကဆိုရင် လက်လျှော့ဖို့အထိ တောင် ဖြစ်ခဲ့ရဖူးတယ်” ဟု ချူးဝေက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ အပါအဝင် ဒေသတွင်းရှိ နိုင်ငံအများအပြားသို့ ပျံ့နှံ့ရောက်ရှိနေကြသော်လည်း၊ ဘန်ကောက်မြို့မှာ ၎င်းတို့အနှစ်သက်ဆုံး နေရာတစ်ခုဖြစ်ကြောင်း ပန်းချီဆရာမက ဆိုသည်။
အကြောင်းမှာ ထိုင်းနိုင်ငံသည် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေသည့် မြန်မာနိုင်ငံပြင်ပတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံး လက်ခံထားသည့် နိုင်ငံဖြစ်ပြီး တရားဝင် မှတ်ပုံတင်ထားသူများနှင့် အထောက်အထားမဲ့ လုပ်သားများ အားလုံးပေါင်းပါက စုစုပေါင်း သုံးသန်းနီးပါးအထိ ရှိနိုင်သောကြောင့် ဖြစ်သည်။
