မော်လမြိုင်နှင့် ချောင်းဆုံ လဝကဝန်ထမ်းများ အစိုးရတုကို မကြောက်ဟုဆို

အစိုးရတု၏ ရက်၁၀၀ လမင်းစီမံချက်ကြောင့် မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်းဆုံရှိ လဝက ဝန်ထမ်းများ သိုသိုသိပ်သိပ် လာဘ်စားနေကြကြောင်း သိရသည်။

မှတ်ပုံတင်၊ စမတ်ကတ်၊ အိမ်ထောင်စုစာရင်းများလုပ်ဆောင်ရာတွင် ငွေကြေးတောင်းခံမှုများရှိပါက မွန်ပြည်နယ် လဝက ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း မည်သူမျှ တိုင်ကြားခြင်းမရှိသလို လဝကဝန်ထမ်းများကလည်း လာဘ်စားမြဲဖြစ်ကြောင်း မွန်ပြည် နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

“ထုံးစံအတိုင်း စီမံချက်ကာလဆိုတော့ အရင်လောက် ဗြောင်မကျတော့ဘူး။ဒါပေမဲ့၊ သိုသိုသိပ်သိပ် တောင်းနေတာပဲ။ပြည်သူတွေကလည်း တိုင်လည်း မထူးဘူးလို့ ယုံကြည်တာရော၊ငြိုးပြီးတော့ ဖမ်း တာတို့ဘာတို့ အလုပ်ခံရမှာ ကြောက်တာရောပေါ့။ကိုယ့်အလုပ်ပြီးမြောက်ရင်းပြီးတာပဲလို့ သဘော ထားပြီး မတိုင်ကြတာ”ဟု ၎င်းက MPAသို့ပြောသည်။

မော်လမြိုင်လဝကရုံးသည် ချောင်းဆုံလဝကရုံးထက် ငွေအတောင်းအရမ်းပိုကြမ်းကြောင်း သိရ သည်။

“မှတ်ပုံတင်လဲတာပေါ့။ပျောက်တာ၊ပျက်တာတွေကို မှတ်ပုံတင်ရော စမတ်ကတ်ရော အပြီး လူအခြေ အနေပေါ်မူတည်ပြီး
မော်လမြိုင်မှာ ၅သိန်းထိ တောင်းတယ်။ချောင်းဆုံမှာက တစ်သိန်းကနေ ၃သိန်း ထိတောင်းတယ်ဆိုတာ လုပ်ဖူးသူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသ မားတစ်ဦးက ဆိုသည်။

ယင်းသို့ တောင်းရမ်းမှု အချက်အလက်များကို မော်လမြိုင်မြို့ခံနှင့် လဝကဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်ဟုလည်း ၎င်းက ပြောသည်။

“မှတ်ပုံတင်လဲတာ မော်လမြိုင်မှာရော ချောင်းဆုံမှာရော ငွေပေးရင် ၂ပတ်ကြာတယ်။အခုမှ အသစ် လုပ်တဲ့သူတွေကိုတော့ အခုစီမံချက်အရ ငွေမယူဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ဟိန္ဒူ၊မွတ်ဆလင် စသည့် သွေးနှောများဆိုပါက စာရွက်စာတမ်း မှတ်တမ်းများ ပြန်လည်ရှာဖွေရ ခက်ခဲသည်ဟု အကြောင်းပြကာ မော်လမြိုင်လဝက က ကျပ် ၁၀သိန်းအထိ တောင်းပြီး တစ်လ ကြာလျှင် ရရှိကြောင်း သိရသည်။

“ချောင်းဆုံသွေးနှောကျတော့ ၅သိန်းပေးရတယ်။အခုလည်း ချောင်းဆုံလဝက တွေ စီမံချက်ရှိလို့ ပေါ်တင်မလုပ်ပေမဲ့ တိုးတိုးတိတ်တိတ် လာဘ်စားနေကြတာပဲ”ဟု ချောင်းဆုံမြို့နယ်၊အရှေ့ပိုင်း ရပ်ကွက်နေ ဝန်ထမ်းအသိုင်းအဝိုင်းဝင် တစ်ဦးက ပြောသည်။

မှတ်ပုံတင်နှင့် စမတ်ကတ် လျှောက်ထားမှုကို မဖြစ်မနေအခြေအနေမှ လာလုပ်ကြခြင်းဖြစ်ပြီး ပြည် ပထွက်ခွာ အလုပ်လုပ်မည့်သူများကို ငွေပိုတောင်းကြောင်း ၎င်းက ဆိုသည်။

ယနေ့(မေ၂၁ရက်)အထိ လဝကဝန်ထမ်းများ လာဘ်စားသည်ဟုဆိုကာ ပြည်သူတို့ တိုင်ကြားထား ခြင်း ရှိ၊မရှိနှင့် အရေးယူမှု ရှိ၊မရှိကို မွန်ပြည်နယ် လဝက ဦးစီးမှူးရုံးက ထုတ်ပြန်ခြင်း မရှိသေးပေ။

လက်ရှိတွင် ရက် ၁၀၀ လမင်းစီမံချက်ဖြင့် မှတ်ပုံတင်၊ စမတ်ကတ်၊ အိမ်ထောင်စုစာရင်းများကို လဝကဝန်ထမ်းများက ကွင်းဆင်းလုပ်ပေးနေကြောင်း သိရသည်။

စာတည်း-ကိုဆန်း