ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီက အစိုးရကိစ္စများတွင် ပါဝင်နေခြင်းအပေါ် အတိုက်အခံ ပြည်သူ့ပါတီ ကန့်ကွက်

ဓာတ်ပုံ - Thai Enquirer

ထိုင်းနိုင်ငံ၏ ဘုရင့်အတိုင်ပင်ခံကောင်စီမှ အာဏာသိမ်းခေါင်းဆောင်ဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာနှင့်အတူ အခြားကောင်စီဝင်များ ၂၀၂၆ ခုနှစ် မိုးခေါင်ရေရှားမှုကျပ်အတည်းအတွက် ပြင်ဆင်မှုဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုသို့ ပါဝင်တုက်ရောက်ခဲ့ခြင်းသည် အစိုးရအနေဖြင့် ဒီမိုကရေစီအခြေခံမူများကို လျှော့ချပစ်နေခြင်း ဖြစ်ကြောင်း အတိုက်အခံ ပြည်သူ့ပါတီက မေလ ၂၀ ရက်တွင် စွပ်စွဲလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင့်အတိုင်ပင်ခံကောင်စီ၏ အခန်းကဏ္ဍမှာ ဘုရင်မင်းမြတ်အား အကြံပေးရန်အတွက်သာ ကန့်သတ်ထားပြီး၊ ကောင်စီဝင်များအနေဖြင့် နိုင်ငံရေးအရ ကြားနေသင့်ကာ အစိုးရစီမံခန့်ခွဲမှုအပေါ် သြဇာလွှမ်းမိုးမှုရှိသည်ဟု မြင်တွေ့စေနိုင်သည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း အဆိုပါပါတီက ထောက်ပြခဲ့သည်။

မေလ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးကွပ်ကဲမှုအဖွဲ့ (NDPMC) ၏ အစည်းအဝေးတွင် ဘုရင့်အတိုင်ပင်ခံကောင်စီဝင်များ ပါဝင်ပတ်သက်ခဲ့ခြင်းမှာ “မလျော်ကန်” ကြောင်းနှင့် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအခြေပြု သက်ဦးဆံပိုင်ဘုရင်စနစ်နှင့် ဒီမိုကရေစီစနစ်တို့၏ အခြေခံမူများကို ချိုးဖောက်ရာရောက်မည့် အန္တရာယ်ရှိကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အစိုးရအရာရှိများသည် ဘုရင့်အတိုင်ပင်ခံကောင်စီဝင်များ ပေးအပ်သည့် အကြံပြုချက်များကို လက်တွေ့တွင် ငြင်းပယ်ရန် သို့မဟုတ် ပြန်လည်ဆွေးနွေးရန် ဖြစ်နိုင်ပါ့မလားဟု မေးခွန်းထုတ်ခဲ့ပြီး၊ ယင်းကဲ့သို့သော အကြံဉာဏ်များသည် မူဝါဒအကောင်အထည်ဖော်ရန် တိုက်ရိုက်တာဝန်ရှိသည့် အရာရှိများ၏ ညွှန်ကြားချက်များအပေါ် လွှမ်းမိုးသွားနိုင်ကြောင်း ပြည်သူ့ပါတီက ပြောကြားသည်။

ရွေးကောက်ခံအစိုးရများသည် လွှတ်တော်၏ စိစစ်မှုနှင့် ပြည်သူ့ရှေ့မှောက်တွင် တာဝန်ခံမှု ရှိရမည်ဖြစ်သော်လည်း ဘုရင့်အတိုင်ပင်ခံကောင်စီဝင်များမှာမူ ဘုရင်မင်းမြတ်၏ သဘောထားဆန္ဒအရ ခန့်အပ်ခြင်းခံရသူများဖြစ်ပြီး ပြည်သူလူထုထံ တိုက်ရိုက်တာဝန်ခံရမှု မရှိကြောင်း ရည်ညွှန်းလျက် တာဝန်ခံမှု၊ တာဝန်ယူမှုဆိုင်ရာ ကိစ္စရပ်အပေါ် စိုးရိမ်ပူပန်မှုများကိုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ခံမဟုတ်သည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းတွင် ဆက်လက်၍ အခန်းကဏ္ဍတစ်ခု ပေးထားခြင်းက နိုင်ငံကို မည်သူက အမှန်တကယ် အုပ်ချုပ်နေသလဲဆိုသည့်အပေါ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ပြည်သူ့ပါတီက သတိပေးခဲ့သည်။

သို့သော် ယင်းအစည်းအဝေးသို့ ဘုရင့်အတိုင်ပင်ခံကောင်စီဝင်များ တက်ရောက်ခဲ့ခြင်းမှာ “အားပေးစကားနှင့် အကြံဉာဏ်များ” ပေးရန်အတွက် ဖြစ်သည်ဟု အရာရှိများက ပြောကြားထားသည်။