ကျောက်ထုသို့တက်မည့် ကပစ ၂၄ စစ်ကြောင်းတွင် အင်အားထပ်ဖြည့်

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ကျောက်ထုမြို့အဝင်။(ပုံဟောင်း)

မကွေးတိုင်း ၊ ဆောမြို့နယ် ၊ ကျောက်ထုမြို့သို့ တက်မည့် ကပစ ၂၄ စစ်ကြောင်းတွင် စစ်တပ်က အင်အားထပ်မံဖြည့်တင်းနေကြောင်း သိရသည်။

ကျောက်ထုမြို့နှင့် ၁၀ မိုင်ကျော်အကွာရှိ တပြင်းကျေးရွာတွင် ရောက်‌ရှိနေသော ပေါက်မြို့နယ် အခြေစိုက် ကပစ ၂၄ စစ်ကြောင်းထံသို့ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၂ မှ ထွက်လာသည့် စစ်ကြောင်းက အင်အားဖြည့်တင်းရန် ထွက်ခွာလာနေကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ယောအလင်းတန်းထံက သိရသည်။

“အင်အားကတော့ ၈၀၀ ဝန်းကျင်ပါ ခင်ဗျ။ မနက်အစောပိုင်းကတည်းက ထွက်လာခဲ့တာပါ။ တိုက်ပွဲကိစ္စကျ ကျနော်တို့ ပြောမရပါဘူးခင်ဗျာ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယခုထွက်လာသော စစ်ကြောင်းသည် တပြင်းကျေးရွာတွင် ရောက်ရှိနေသည့် အင်အား ၄၀၀ ကျော်ပါ ကပစ ၂၄ စစ်ကြောင်းနှင့် ပူးပေါင်းကာ ကျောက်ထုမြို့သို့ သွားမည်ဟု ယူဆရပြီး ဆက်လက်စောင့် ကြည့်နေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကပစ၂၄စစ်ကြောင်းသည် မေလ၉ရက်က စတင်ထွက်ခွာလာခြင်းဖြစ်ပြီးမေလ ၁၅ ရက်၌ တပြင်းကျေးရွာသို့ရောက်ရှိကာ ယနေ့(မေ၂၁ရက်)အထိ ယင်းကျေးရွာ၌ ရှိနေဆဲဖြစ်သည်။

တပြင်းရောက် ကပစ ၂၄ စစ်ကြောင်းကို ကြိုရန် ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ မှ ထွက်လာ သည့် အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းသည်လည်း ယနေ့ မွန်းလွဲပိုင်းထိ ငါလွန်းကျေးရွာနှင့် ကျောက်မကျေးရွာအကြား ဆက်လက်စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ကပစ ၂၂ မှ ထွက်လာသည့် စစ်ကြောင်းမှ ကား၃ စီးနှင့် ရှေ့ပြေးအင်အားများသည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်၌ ကျောက်မဲတောင်ကျေးရွာအတွင်း ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။