အာရှကိုယ်စားပြုအဖြစ် ထိုင်းအဆိုတော် လီဆာ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိ

ကမ္ဘာကျော် အဆိုတော် လီဆာ၊ အနီတာ (Anitta) နှင့် ရီမာ တို့ ပါဝင်သီဆိုထားသည့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ တရားဝင်သီချင်းတစ်ပုဒ်ဖြစ်သော GOALS အမည်ရှိ သီချင်းနှင့် ဂီတဗီဒီယို အပြည့်အစုံကို ယနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ၊ မိနစ် ၃၀တွင် ဖြန့်ချိတော့မည် ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိသော်လည်း၊ ပြိုင်ပွဲ၏ တရားဝင်သီချင်းများထဲမှတစ်ခုဖြစ်သည့် GOALS သီချင်းတွင် ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် လီဆာ ပါဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

GOALS သီချင်းသည် အာရှတိုက်ကိုယ်စားပြု ထိုင်းနိုင်ငံမှ လီဆာ၊ လက်တင်အမေရိကကိုယ်စားပြု ဘရာဇီးနိုင်ငံမှ အနီတာ နှင့် အာဖရိကတိုက်ကိုယ်စားပြု နိုင်ဂျီးရီးယားနိုင်ငံမှ ရက်ပါ အဆိုတော် ရီမာ (Rema) စသည့် နိုင်ငံတကာ ထိပ်တန်းစူပါစတား သုံးဦး၏ စုပေါင်းဖန်တီးမှု ဖြစ်သည်။

အဆိုပါ တေးသီချင်းကို ဘရာဇီးနိုင်ငံ၏ ထိပ်တန်းတေးထုတ်လုပ်သူအတွဲဖြစ်သည့် Tropkillaz က ပရိုဂျူးစ်လုပ်ပေးထားပြီး Afrobeats၊ ဘရာဇီးလ် ဖန့်ခ်နှင့် ကေပေါ့ပ်ဂီတအမျိုးအစားများကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။

လီဆာသည် ဤ GOALS သီချင်းတွင် ပါဝင်သီဆိုထားရုံသာမက လာမည့် ဇွန်လ ၁၂ ရက်နေ့တွင် ဆိုဖိုင်း အားကစားကွင်း (SoFi Stadium)၌ ကျင်းပမည့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင်လည်း ပါဝင်ဖျော်ဖြေသွားရန် ရှိနေသည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စု စသည့် သုံးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး၊ ဖွင့်ပွဲဖျော်ဖြေရေး အစီအစဉ်များကိုလည်း အိမ်ရှင်သုံးနိုင်ငံလုံးတွင် ခွဲခြားကျင်းပသွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲတစ်ခုစီတွင် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့စရိုက်များကို ထင်ဟပ်ပြသသွားမည် ဖြစ်သည်။

ပထမဆုံး ဖျော်ဖြေပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် မက္ကဆီကိုစီးတီး အားကစားကွင်း၌ မက္ကဆီကိုနှင့် တောင်အာဖရိကတို့၏ အဖွင့်ပွဲစဉ်မစတင်မီ မိနစ် ၉၀ အလိုတွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် လက်တင်နှင့် မက္ကဆီကို ယဉ်ကျေးမှုများကို ပေါင်းစပ်တင်ဆက်မည်ဖြစ်ပြီး ဂျေ ဘောဗင်၊ မာနား၊ အလက်ဟန်ဒရို ဖာနန်ဒက်ဇ် ၊ ဘယ်လင်ဒါ၊ ဒန်နီ အိုရှန်း ၊ လီလာ ဒေါင်းစ် နှင့် လော့စ် အန်ဂျလိစ် အာဇူးလက်စ်တို့ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။

ထို့နောက် ဇွန်လ ၁၂ ရက်နေ့တွင် ကနေဒါအသင်း၏ အဖွင့်ပွဲစဉ်မတိုင်မီ တိုရွန်တိုမြို့၌ ဒုတိယမြောက် ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး အလန်းနစ် မောရစ်ဆက်၊ မိုက်ကယ် ဘူးဘ်ဘလေနှင့် အလက်ဆီယာ ကာရာတို့ ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။

ထို့ပြင် ဖွင့်ပွဲအခမ်းအနား နောက်ဆုံးဖျော်ပြေပွဲကို ဇွန်လ ၁၂ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့ရှိ ဆိုဖိုင်း အားကစားကွင်း ၌ အမေရိကန်အသင်း၏ အဖွင့်ပွဲစဉ်မစတင်မီ မိနစ် ၉၀ အလိုတွင် ကျင်းပသွားမည် ဖြစ်သည်။

၎င်းအပြည်ပြည်ဆိုင်ရာ ဖျော်ဖြေရေးအစီအစဉ်တွင် ကေတီ ပယ်ရီ၊ ဖျူးချာ၊ အနီတာ၊ လီဆာ၊ ရီမာနှင့် တိုင်လာတို့ကဲ့သို့ ကမ္ဘာကျော် အနုပညာရှင်များ စုံလင်စွာ ပါဝင်ဖျော်ဖြေ တင်ဆက်သွားကြမည် ဖြစ်သည်။