မကွေးတိုင်း၊ သရက် – မင်းတုန်းလမ်းပိုင်းတွင် စစ်သား အင်အား ၁၀၀၀ကျော်ဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။
မေလ ၂၂ရက်တွင် စစ်တပ်က သရက်မြို့မှ မင်းတုန်းမြို့သို့ အင်အား ၆၀၀ ခန့် ထပ်မံအင်အား ဖြည့်တင်းခဲ့ပြီး အင်အား ၁၀၀၀ ကျော်ဖြင့် သရက် – မင်းတုန်းလမ်းပိုင်း၊ မင်းတုန်းနယ်အနောက်ခြမ်း ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းဝင်ရောက်ရန် ပြင်ဆင်နေသဖြင့် ယင်းလမ်းပိုင်းသို့ ပြည်သူများသွားလာခြင်းမပြုကြရန် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားသည်။
” မင်းတုန်းကို ၄လပိုင်းကတည်းက မင်းတုန်းနယ်အနောက်ခြမ်း၊ ရခိုင်ရိုးမအောက်ခြေက ရွာတွေကို ဝင်ရောက်ပြီး အင်အား ၂၀၀နဲ့တပ်စွဲထားတာရှိတယ်။ ၅လပိုင်း ၁၈ရက်နေ့မှာ နောက်ထပ် အင်အား ၂၀၀ ကိုထပ်ပို့ပြီး သရက် – မင်းတုန်းလမ်းပိုင်းမှာ တပ်ဖြန့်နေရာယူထားတာရှိတယ်။ မနေ့ ( မေလ ၂၂ရက် ) မှာ သရက်ကနေ မင်းတုန်းကို ကား အစီး ၃၀ နဲ့ အင်အား ၆၀၀ ကျော် ထပ်ပို့တာရှိတယ်။ သရက် – မင်းတုန်းလမ်းပိုင်းကို သုံးပြီး သူတို့သွားလာနေတာဖြစ်တဲ့အတွက် ကျနော်တို့ ဖြတ်တောက် ရေးလုပ်တဲ့အခါ ပြည်သူတွေ ထိမှာစိုးလို့ အသွားအလာကန့်တာပါ ” ဟု သရက်ခရိုင် အမှတ် ၄ တပ် ရင်းမှ သတင်းပြန်ကြားတာဝန်ခံ ကိုမြတ်က MPA ကို ပြောသည်။
ယနေ့ ( မေလ ၂၃ရက် ) နံနက်ပိုင်းတွင် ယင်းစစ်အင်အားများသည် မင်းတုန်းမြို့နှင့် မင်းတုန်းနယ် အနောက်ခြမ်း၌ တပ်ဖြန့်ထားကြောင်း သိရသည်။
” မင်းတုန်းနယ်အနောက်ခြမ်းရွာတွေက သူတို့ မစိုးမိုး၊ မထိန်းချုပ်နိုင်တဲ့ ရွာတွေဖြစ်တယ်။ ရခိုင်ရိုးမ အစပ်ကရွာတွေလည်း ဖြစ်တယ်။ ပြီးတော့ ရခိုင်ဘက်ကို ပြန်ထိန်းချုပ်ချင်တာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သရက် – မင်းတုန်းလမ်းပိုင်းပေါ် ပြည်သူများ ဖြတ်သန်းသွားလာခြင်းကို နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း လုံးဝ မသုံးကြရန်နှင့် ကျန်းမာရေးကိစ္စရပ်များကြောင့် အရေးပေါ် အသုံးပြုရန် လို အပ်ပါက သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များကို ဆက်သွယ်ပြီး ခွင့်ပြုချက်ရမှ သွားလာကြရန် သရက် ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားသည်။
စာတည်း-ML
