လူနာတင်ကား အခြားယာဉ်၂စီးကို ဆင့်တိုက်မှုဖြစ်ပွား၊ ၂ဦးသေ၊ ၄ဦးဒဏ်ရာရ

ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်တွင် လူနာတင်ကားက အခြားယာဉ်၂စီးကို ဆင့်တိုက်ခဲ့ရာ ၂ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းနှင့်ဒါးကကြား မိုင်တိုင်အမှတ်(၈၂/၅)နှင့်(၈၂/၆)ကြားတွင် မေလ၂၂ရက်၊ နံနက် ၁၀နာရီ၁၅မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနာတင်ယာဉ်က မျက်နှာချင်းဆိုင်ယာဉ်ကြောထဲသို့ ဝင်ကာ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးထုတ်ပြန်ချက်နှင့် လူမှုကူညီရေးသမားတစ်ဦးထံက သိရ သည်။

“ပုသိမ်ကနေ ရန်ကုန်ဘက် မောင်းလာတဲ့ Ambulance ကားက ဟိုဘက်ယာဉ်ကြောထဲဝင်ပြီး မျက် နှာချင်းဆိုင်ကလာတဲ့ အိုးဝေနဲ့ ခရီးသည်တင်ကားကို ဝင်အောင်းတာ။ဘာ့ကြောင့် ဒီဘက်ယာဉ်ကြော ထဲဝင်လာသလဲဆိုတာတော့ ကျနော်တို့လည်း ပြီးမှ ရောက်လာတော့ မျက်မြင်တွေ့ရတာမဟုတ်ဘူး။ အရှိန်ပြင်းတော့ သေတာတွေဘာတွေ ဖြစ်ကုန်တာ”ဟု ဒေသခံလူမှုကူညီရေးသမားတစ်ဦးက MPA သို့ ပြောသည်။

ယင်းယာဉ်တိုက်မှုကြောင့် လူနာတင်ယာဉ်မောင်းနှင်လာသူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အိုးဝေပေါ်မှ အ မျိုးသားတစ်ဦး ဆေးရုံပေါ်ရောက်မှ သေဆုံးသွားကြောင်း သိရသည်။

“Ambulance မှာက လူနာမပါဘူး။အိုးဝေမှာ ကျား၂။တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ။ Ambulance ပေါ်က အမျိုးသမီးလည်း ဒဏ်ရာရတယ်။ခရီးသည်တင်ကားပေါ်က ဒဏ်ရာရတာရှိတယ်။ အားလုံး က မစိုးရိမ်ရတဲ့ဒဏ်ရာတွေပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

အိုးဝေနှင့် ခရီးသည်တင်ယာဉ်တို့သည် ရန်ကုန်မှ ပုသိမ်ဘက်က ထွက်ခွာလာခြင်းဖြစ်ပြီး ခရီး သည်တင်ယာဉ်ပေါ်၌ ခရီးသည်များ ပါလာသော်လည်း တစ်ဦးမျှ ဒဏ်ရာမရကြောင်း သိရသည်။

သေဆုံးနှင့် ဒဏ်ရာရသူများကို သစ္စာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပုသိမ်ဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း မီးသတ်ဦးစီးက ထုတ်ပြန်သည်။
စာတည်း-ML