သတိ ရန်ကုန်ဆေးရုံကြီး၌ ဓားပြများ သောင်းကျန်းနေသည်

[ဆောင်းပါး]

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟု ခေါ်သည့် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဆေးရုံကြီး၌ ဓားပြများ မင်းမူနေကြပြီး လာရောက်ကုသသူ ပြည်သူများထံမှ ရရင်ရသလို ကြုံရင်ကြုံသလို ငွေညှစ်နေကြသည်ဟု သိရသည်။

အဆိုပါ ဓားပြများအား မည်သည့်ရဲကမျှ ဝင်ရောက်ဖမ်းဆီးခြင်းမရှိသလို အစိုးရဟု အမည်ခံထားသူ မည်သူကမျှလည်း အရေးယူခြင်း မရှိကြပေ။

အသက်လေးဆယ်ကျော်အရွယ် ပြည်သူတစ်ဦးဖြစ်သည့် ကိုကျော်ကျော် (အမည်လွှဲ) တစ်ယောက် မိသားစုဝင်တစ်ဦး နာမကျန်းဖြစ်၍ ဆေးရုံတင်ကုသရန် ရန်ကုန်ဆေးရုံကြီးသို့ ရောက်လာခဲ့သည်။

ပြည်သူ့ဆေးရုံကြီးဟု ခေါ်သည့် ဆေးရုံတွင် ဓားပြများ ကြီးစိုးနေသည်ကို ကိုကျော်ကျော် မသိသေးပေ။

ထို့ကြောင့် လူနာအား ဆေးရုံတင်ရန် လူနာမှတ်ပုံတင်ဌာနသို့ ကိုကျော်ကျော် ကနဦးသွားရောက်ရာ ဓားပြများနှင့် စတင်ထိပ်တိုက်တွေ့ဆုံရတော့သည်။

“ကျတော့်ဒေါ်ကြီး နေမကောင်းလို့ ဆေးရုံတင်ဖို့ သွားတာပါ။ ပုဂ္ဂလိကဆေးရုံတွေမှာ မကုနိုင်လို့ ရန်ကုန်ဆေးရုံကြီး လာကုတာ၊ လူနာမှတ်ပုံတင်ဖို့ လုပ်တဲ့နေရာမှာ သုံးထောင်တောင်းတယ်။ တရားဝင်ပေးရသလိုမျိုးကို တောင်းတာ” ဟု ကိုကျော်ကျော် (အမည်လွှဲ) က ပြောပြသည်။

အဆိုပါနေရာမှ ဓားပြများ တောင်းသည့် ငွေကြေးကို ပေးပြီးနောက် ကိုကျော်ကျော်တစ်ယောက် သူ၏ မိသားစုဝင်ကို ဆေးရုံတင်ကုသခွင့်တော့ ရရှိခဲ့ပြီ ဖြစ်သည်။

သို့သော် နောက်ထပ် ဓားပြများ ရှိနေသေးသည်ကိုတော့ သူ မသိသေး။

သို့ဖြင့် လူနာကို ဓာတ်မှန်ရိုက်ရမည်ဆိုသဖြင့် ဓာတ်မှန်ဌာနသို့ ကိုကျော်ကျော်တို့ ရောက်လာကြသည်။ ထိုနေရာတွင်လည်း ဓားပြများက ဆီးကြိုစောင့်နေပြန်သည်။

“ဓာတ်မှန်ရိုက်ရမယ် ပြောလို့ ဓာတ်မှန်သွားရိုက်တယ်။ သူတို့ပါးစပ်ကတော့ အဆင်ပြေသလိုပဲ ပေးပါတဲ့။ ကျတော်လည်း ဒါနဲ့ ငွေလေး သုံးထောင် ထုတ်ပေးတော့ မယူဘူး။ မျက်နှာထားတင်းတင်းနဲ့ ကြည့်နေလို့ တစ်သောင်းတန်တစ်ရွက် ထုတ်ပေးမှ ယူတယ်” ဟု ကိုကျော်ကျော် (အမည်လွှဲ) က ၎င်း ကြုံတွေ့ခဲ့ရသည်ကို ပြောပြသည်။

ဓားပြများက ထိုနေရာများတွင်ပင် ရပ်မသွား၊ ဆက်၍ ရှိနေသေးပြန်သည်။ ကိုကျော်ကျော်တို့ ဓာတ်မှန်ရိုက်ပြီးနောက် လူနာအား သွေးစစ်ရန်ရှိသဖြင့် ဓာတ်ခွဲခန်းဌာနသို့ သွားရသည်။

မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဆေးရုံကြီးမှ သွေးစစ်ဓာတ်ခွဲခန်းများ၏ စစ်ဆေးမှုများက မတိကျသဖြင့် ပြင်ပတွင် စစ်ဆေးရမည်ဟုဆိုကာ ဓားပြများက ကိုကျော်ကျော်တို့ထံမှ ငွေညှစ်ကြပြန်သည်။

“သွေးစစ်ရမယ်ဆိုလို့ သွားစစ်တယ်ဗျာ။ ရန်ကုန်ဆေးရုံကြီးက ဓာတ်ခွဲခန်းတွေက မတိကျလို့ အပြင်မှာ စစ်ရမယ်ဆိုပြီး ပိုက်ဆံတောင်းပြန်တယ်။ ပေးလိုက်ရတာပဲ မပေးလို့လည်း မရဘူးလေ” ဟု ကိုကျော်ကျော် (အမည်လွှဲ) က ပြောပြသည်။

သို့ဖြင့်ပင် မပြီးဆုံးသေးချေ။ လူနာဆေးရုံတင်ထားသည့် ကာလတစ်လျှောက်တွင်လည်း လူနာလာကြည့်သည့် ကိုကျော်ကျော်တို့ မိသားစုခမျာ ဓားပြများ၏ ငွေညစ်မှုများကို နေ့စဉ်ကြုံတွေ့ခဲ့ရပြန်သည်။

“လူနာလာကြည့်ရင် တံခါးစောင့်က နှစ်ထောင်တောင်းတယ်။ မပေးရင် ပေးမဝင်ဘူး။ လာတဲ့သူတိုင်း နှစ်ထောင်ပေးရတယ်” ဟု ကိုကျော်ကျော် (အမည်လွှဲ) က ပြောပြသည်။

ကိုကျော်ကျော် ကြုံတွေ့ခဲ့ရသည်များက ရန်ကုန်ဆေးရုံကြီးတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသည့် ကိစ္စများ ဖြစ်သည်။

သေရေးရှင်ရေးဖြစ်၍ အရေးပေါ်ဌာနသို့ ရောက်လာသည့် လူနာရှင်များ၏ မိသားစုများသည်လည်း လူနာဆေးကုသခြင်းမရှိမီ ဓားပြများနှင့် ဆီးကြိုရင်ဆိုင်ရသည်ဟု သိရသည်။

အရေးပေါ်တွန်းလှည်းတွန်းခ၊ Wheel Chair တွန်းခများအပြင် ခြေလျင်လိုက်ပို့ရလျှင်ပါ ဓားပြများက လိုက်ပို့ခ ဆက်ကြေးတောင်းကြသည်။

“တွန်းလှည်းတို့ Wheel Chair တို့ တွန်းခက ငါးထောင်၊ တစ်သောင်း တောင်းတယ်။ ထားပါတော့ ပေးတယ်။ လမ်းလျှောက်ဝင်လာလည်း လိုက်ပို့ခတောင်းပြန်တယ်။ မလွန်လွန်းဘူးလား။ ဘာနေနေ တောင်းနေတော့တာပါပဲ” ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက သူမ ကြုံတွေ့ခဲ့ရသည်ကို ပြောပြသည်။

ဓားပြများက ငွေကြေးမပေးပါက ဆေးလာကုသည့် လူနာများအား ပညာမျိုးစုံပြကြသည်။

နာကျင်နေသည့် လူနာအား ပိုမိုခံစားရစေရန် အရေးပေါ်လက်တွန်းလှည်းကို ခပ်ကြမ်းကြမ်းတစ်ဖုံ၊ ကဆုန်ပေါက်၍တစ်မျိုး တွန်းကြသည်။

လူနာရှင်များက မကြည့်ရက်တော့သဖြင့် တောင်းသည့်ငွေကြေး ပေးလိုက်မှသာ ငြင်ငြင်သာသာ ပြောင်းလဲတွန်းပေးကြသည်။

“လူနာလက်တွန်းလှည်းတွန်းသူ လက်ထဲ ငွေမရောက်သေးရင် လက်တွန်းလှည်းပေါ်က လူနာက ဗိုက်ခွဲထားလို့ နာတာတစ်မျိုး၊ တွန်းလှည်းခုန်ပေါက်နေလို့ အနာထပ်တိုး။ လူနာရှင်က အမြန်ထည့်လိုက်မှ သာသာယာယာ ငြိမ်သက်တဲ့လမ်း ဖြစ်သွားတာ။ ကုသိုလ်မယူတတ် အပူရှာ၊ ခုချိန်ထိပဲ ဆရာဝန်ထက် သန့်ရှင်းရေး၊ nurse တို့ကို ကြောက်နေကြရတာပါ။ ကိုယ့်လူနာ အသည်းအသန်ဆိုတော့ သူတို့ကို အရင်ပူဇော်ပသရတာပဲ” ဟု ရန်ကုန်ဆေးရုံကြီးမှ ဓားပြများနှင့် ပတ်သက်၍ ပြည်သူတစ်ဦးက ရင်ဖွင့်ပြောပြသည်။

ဓားပြများက ထိုမျှလောက်မကသေး၊ သာ၍ဆိုးသည်များ၊ ယုတ်ညံ့သည့်လုပ်ရပ်များကိုလည်း ပြုလုပ်ကြသည်ဟု သိရသည်။

ငွေကြေးမပေးသဖြင့် လူနာများနှင့် လူနာစောင့်များ အသုံးပြုသည့် အိမ်သာများအား ပိတ်ထားကာ ပိုက်ဆံပေးမှ ဝင်ခိုင်းသည့် လုပ်ရပ်မျိုး ဖြစ်သည်။

“မစင်စွန့်တာတောင် ကျား၊ မ ပေါင်းပါခဲ့ရဖူးတယ်။ သန့်ရှင်းရေးလုပ်ရတာ ပင်ပန်းတယ်ဆိုပြီး မ အိမ်သာကို ပိတ်ထား၊ အပေါက်တွေက ဆိုးပ။ ပိုက်ဆံများမပေးရင် သုန်မှုန်နေတာ” ဟု ပြည်သူတစ်ဦးက ပြောပြသည်။

ဓားပြတိုက်သည့်အခါ ဓားပြများသည် လိုချင်သည့်ငွေကြေးမပေးပါက အတိုက်ခံရသူများအား ထုထောင်း၊ ဆဲဆို၊ အော်ဟစ်၊ ရိုက်နှက်ပြီး တောင်းတတ်သည်ကို ကြားဖူးကြပေလိမ့်မည်။

ရန်ကုန်ဆေးရုံကြီးက ဓားပြများသည်လည်း ထိုအတိုင်းပင်။ ဤဓားပြများကတော့ ရိုက်နှက်ခြင်းတော့မပြု၊ အော်ဟစ်မာန်မဲခြင်းတော့ ပြုမူကြသည်။

လူနာရှင်ပြည်သူများမှာ ၎င်းတို့အား ကြောက်ရွံ့၍ နေကြရသည်။

“အမေ ဆေးရုံတက်တာ သန့်ရှင်းရေး၊ တွန်းလှည်းသမားများ အတောင်းကြမ်းတယ်။ မပေးရင် အော်ပြီး မောင်းထုတ်ပါတယ်” ဟု အသက် သုံးဆယ်ကျော်အရွယ် ပြည်သူတစ်ဦးက ပြောပြသည်။

ဆေးရုံကုသမှုဌာန အပြောင်းအရွှေ့ပြုလုပ်သည့် နေရာများတွင်လည်း ကားမောင်းတတ်သည့် ဓားပြများက ကြီးစိုးနေပြန်သည်။

အဆိုပါ ဓားပြများက ပို၍အတောင်းကြမ်းတတ်ပြီး ပိုက်ဆံမပေးပါက လူနာခမျာ ကုသရမည့်နေရာသို့ သွားခွင့်မရှိတော့ပေ။

“အရေးပေါ်ဌာနကနေ ဦးနှောက်နဲ့ အာရုံကြောကို ပြောင်းဖို့ ကားနဲ့ ရွှေ့ရမှာကို ဆေးရုံကားမောင်းတဲ့သူတွေက ငါးသောင်းတောင်းတယ်။ မပေးရင် ကားမမောင်းပေးဘူး။ လူနာသေချင်သေ သူတို့ ဂရုမစိုက်ဘူး” ဟု ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ပြည်သူတစ်ဦးက ရင်ဖွင့်ပြောပြသည်။

ဓားပြများက ရန်ကုန်ဆေးရုံကြီးတစ်ခုလုံး၌ ဓားမကိုင်၊ သေနတ်မကိုင်ဘဲ သောင်းကျန်းနေကြခြင်း ဖြစ်သည်။

ဆေးမကုသနိုင်ခြင်း မရှိတော့သဖြင့် သေဆုံးသွားသူများအတွက်ပါ လူနာရှင်များထံမှ ဓားပြတိုက် ဆက်ကြေးတောင်းကြသည်။

လူနာ၏ Dead Body ထုတ်ဖို့အတွက် ရေခဲတိုက်မှ ဓားပြများက ငွေကျပ် သိန်းချီတောင်းခံကြပြီး သရဏဂုံကြေးဟူ၍ ခေါင်းစဉ်တပ်ကာ ဓားပြတိုက်ကြခြင်း ဖြစ်သည်။

“သရဏဂုံကြေးဆိုပြီး အလောင်းထုတ်ဖို့ကို နှစ်သိန်းတောင်းတယ်။ မပေးရင် အလောင်းမထုတ်ပေးဘူး။ လူနာရှင်တွေက ဝမ်းနည်းနေရတဲ့အထဲ ဆုံးသွားတဲ့ ကိုယ့်မိသားစုကိုယ် သင်္ဂြိုဟ်ချင်လို့ သူတို့တောင်းသမျှ ပေးရတယ်” ဟု ပရဟိတစေတနာ့ဝန်ထမ်းတစ်ဦးက ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်မှ ဓားပြများနှင့် ပတ်သက်၍ ပြောပြသည်။

အနှီဓားပြများက ပြည်သူ့ဆေးရုံကြီးဟု နာမည်တပ်ထားသည့် ဆေးရုံကြီး၌ လာရောက်ကုသသူ လူနာများနှင့် လူနာရှင်များထံမှ နည်းမျိုးစုံဖြင့် ဓားပြတိုက်ကြသည်။

ဆေးရုံတက်ရန် မှတ်ပုံတင်ချိန်မှစ၍ ဆေးရုံစာအုပ်ထပ်ရန် တစ်မျိုး၊ တွန်းလှည်းတွန်းရန် တစ်လှည့်၊ ဆေးဝယ်ပေးရန် တစ်ခါ၊ အိမ်သာတက်ရန် တစ်မျိုး အမျိုးမျိုး ခေါင်းစဉ်တပ်ကာ ဓားပြတိုက် ငွေညှစ်ကြသည်။

လူနာသေဆုံးသွားချိန်တွင်တောင်မှ Dead Body ကို အလကားမထုတ်ပေးကြ၊ ငွေပေးမှ ပြန်ထုတ်ပေးကြသည်။

ဆေးရုံမှ ဆေးရုံအုပ်ကြီးအပါအဝင် ဆရာဝန်များ၊ သူနာပြုများကလည်း အဆိုပါ ဓားပြများကို ကြောက်၍ မပြောရဲကြ။

ရဲများကလည်း ကြောက်၍ မဖမ်းရဲကြ။

အမည်ခံ လွှတ်တော်ကိုယ်စားလှယ်ဆိုသူများကလည်း ဓားပြများအကြောင်း မစုံစမ်းရဲကြ။

နောက်ဆုံး ရန်ကုန်ဆေးရုံကြီးကို ပိတ်လိုပိတ်၊ ဖွင့်လိုဖွင့် လုပ်နိုင်သည့် အာဏာရှိသူ အမည်ခံအစိုးရဆိုသူများကလည်း အရေးမယူရဲကြပေ။

ထို့ကြောင့် သတိပေးလိုပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဓားပြများ ကြီးစိုးသောင်းကျန်းနေသဖြင့် သွားရောက်ကုသလိုသူ ပြည်သူများ ငွေအသပြာများ လုံလုံလောက်လောက် ယူဆောင်သွားဖို့ လိုသည်ဟူ၍ ဖြစ်ပေတော့သည်။

စာတည်း-ကိုဆန်း