ပခုက္ကူ၊ ခလရ ၂၅၂က စစ်မှုထမ်းတပ်သား ၂ဦး ပကဖထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ခလရ ၂၅၂က စစ်မှုထမ်းတပ်သား ၂ဦး ပကဖထံ အလင်းဝင်လာကြောင်း သိရသည်။

မေလ ၂၃ရက်တွင် ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂မှ စစ်မှုထမ်းတပ်သား ဝင်းသန့်နှင့် မေလ ၂၁ရက်၌ စစ်မှုထမ်းတပ်သား ကျော်ဇောထွေးတို့ အလင်းဝင်လာကြောင်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့ Cobra One Pakokku အဖွဲ့က သတင်းထုတ်ပြန်သည်။

” တစ်ယောက်က ထိုင်းနိုင်ငံ၊ ထိုင်းရဲကဖမ်းပြီး စကစ လက်ထဲအကုန်အပ်တာပါ။ တစ်ယောက်က မုံရွာမြို့ပေါ်” ဟု ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့ Cobra One Pakokku အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က MPA သို့ပြောသည်။

အလင်းဝင်လာသူ ၂ဦးတွင် လက်နက်မပါသဖြင့် ဆုကြေးငွေချီးမြှင့်ခြင်းမရှိကြောင်းသိရသည်။

“လက်နက်ပါမလာရင်တော့ ဆုငွေမပေးပါဘူး။ သွားချင်တဲ့နေရာကိုတော့ချိတ်ဆက်ပြီး ပို့ဆောင် ပေးပါတယ်။ တစ်ခါမှတော့ လက်နက်ပါလာတာ မတွေ့ဘူးပါဘူးဗျ” ဟု ၎င်းက ဆက်လက် ပြောသည်။

စစ်မှုထမ်းတပ်သားများကို ရခိုင်နယ်ဘက်သို့ ပို့ဆောင်နေရသောကြောင့် တပ်ထဲ၌ အင်အားမရှိ တော့ကြောင်း ထို့ကြောင့် အပြင်းအထန်ပေါ်တာလိုက်ဆွဲကာ စစ်မှုထမ်းသင်တန်းပို့နေကြောင်း ၎င်းတို့၂ဦး၏ ထွက်ဆိုချက်အရ သိရှိရသဖြင့် ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာ လုပ်ကိုင်ကြရန် ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့ Cobra One Pakokku အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း-ML