စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ယန္တရား လည်ပတ်နိုင်ရေးအတွက် အထောက်အကူပြုနေသည့် ပြည်သူအချို့ကို ရွှေဘိုခရိုင် စစ်ဌာနက သတိပေးလိုက်သည်။
စိုင်ပြင်မြို့သိမ်း စစ်ဆင်ရေး Operation OTT ဆင်နွှဲပြီးနောက် ဖမ်းဆီးရမိသည့် သုံ့ပန်းများနှင့် သိမ်း ဆည်းရမိသည့် စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေးရာမှ စိုင်ပြင်မြို့ပေါ် ပြည်သူအချို့နှင့် ဒေ သတွင်း တော်လှန်ရေးအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်အချို့တို့သည် စစ်တပ်နှင့် သတင်းပေး ၊ သတင်း ယူကိစ္စရပ်များနှင့် အကြမ်းဖက် စစ်ယန္တရားလည်ပတ်ရေးအတွက် အထောက်အကူပြု ပါဝင်ပတ် သက်လျက်ရှိသည်ဟု တွေ့ရှိရကြောင်း ၊ အဆိုပါပုဂ္ဂိုလ်များအနေဖြင့် လက်ရှိ တော်လှန်ရေးလုပ်ငန်း များတွင် လမ်းကြောင်းမှန်ကန်စွာ ပါဝင်ပြီး မိမိ အမှားများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ကြရန် အမှတ် တစ် ၊ ရွှေဘိုခရိုင်စစ်ဌာနက ယနေ့(မေ၂၄ရက်)ထုတ်ပြန်ကာ သတိပေးလိုက်သည်။
“စစ်တပ်ကို အထောက်အကူပြုနေတဲ့ ပြည်သူတွေကို အနီးကပ်စောင့်ကြည့်နေဖို့ လိုပါမယ်။ထပ်ပြီး သတင်းပေး၊သတင်းယူလုပ်ရင် အရေးယူရမယ်။တော်လှန်ရေးအဖွဲ့ထဲက စစ်တပ်နဲ့ ပတ်သက်နေသူ တွေကိုတော့ အခုကတည်းက အရေးယူဖို့ လိုမယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထံမှ ခရီးသွားရန်နှင့် မှတ်ပုံတင်ပြုလုပ်ရန် ထောက်ခံစာပြုလုပ်ရခြင်းများ ရှိသည်ကို နားလည်သော်လည်း တစ်သီးပုဂ္ဂလ အကျိုးစီးပွားအတွက် စစ်တပ်နှင့် လိုအပ်သည်ထက် ပိုသည့် ဆက်ဆံရေးများ ရှိနေသည်ကို လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် စစ်တပ်နှင့် ပူးပေါင်းရရှိထားသည့် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် Operation OTT အပေါ် အပျက်သဘောဆောင်၍ ပြည်သူလူထု စိုးရိမ်မှုမြင့်တက်စေရန် စစ်တပ်၏ ဝါဒဖြန့်သတင်းများကို ထိုသူများကပင် လူထုကြားသို့ ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်သည်။
စိုင်ပြင်မြို့ခံပြည်သူများအနေဖြင့်လည်း ဆုံးရှုံးမှုများကို စိုးရိမ်ကြောင့်ကြနေခြင်းထက် အမှတ် တစ် ၊ ရွှေဘိုခရိုင် စစ်ဌာနနှင့်အတူ တော်လှန်ရေး၏ အခက်အခဲများကို အတူဖြတ်ကျော်ပြီး မိမိမြို့ ၊ မိမိ နယ်မြေလုံခြုံရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လည်း နှိုးဆော်ထား သည်။
မေလ ၁၄ ရက်မှ စတင်၍ စိုင်ပြင်မြို့ရှိ နယ်မြေရဲစခန်းကို အမှတ် တစ် ၊ ရွှေဘိုခရိုင် စစ်ဌာနမှ တိုက်ခိုက်ခဲ့ရာ မေလ ၁၆ ရက် နံနက်ပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် ရန်သူ ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သေးသည်။
