ရန်ကုန်မြို့၌ မီတာခပေးဆောင်ရန် တစ်ရက်ကျော်သည်နှင့် YESC ဝန်ထမ်းများက မီတာဘောက်စ်မှ မီးကြိုးအား လာရောက်ဖြတ်တောက်သွားပြီး၊ မီတာခပေးဆောင်ပြီးနောက် မီးပြန်ပေးရန်အတွက်မူ အခကြေးငွေပေးမှသာ လျှပ်စစ်မီးပြန်ရအောင် လုပ်ဆောင်ပေးကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပရေးရှင်း (YESC) မှ ဝန်ထမ်းများသည် ပြည်သူများ မီတာခပေးဆောင်ရမည့်ရက်ထက် တစ်ရက်ကျော်သည်နှင့် မီတာဘောက်စ်မှ မီးကြိုးများကို တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ လာရောက်ဖြတ်တောက်ကြခြင်း ဖြစ်သည်။
“အလုပ်မအားလို့ မီတာဆောင်ဖို့ မေ့နေတာနဲ့ မဆောင်ဖြစ်လိုက်ဘူး။ အဲဒါ အိမ်ပြန်ရောက်တော့ သူများတွေ မီးလာပြီး ကိုယ့်အိမ်က မီးမလာတာနဲ့ မီးသမားခေါ်ပြင်ဖို့လုပ်တော့ EPC က လာဖြတ်သွားတာ ဖြစ်နေတယ်။ အသိလည်း မပေးဘူး။ ရက်ကျော်တာက တစ်ရက်တောင် မပြည့်သေးဘူး” ဟု ဒေါပုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ထိုသို့ မီးလာရောက်ဖြတ်တောက်သွားပါက မီတာရုံးသို့ ဒဏ်ကြေးပေးဆောင်ရပြီး မီးပြန်လည်ရရှိရန်မူ မရေမရာ မသေမချာ ပြန်လည်တုံ့ပြန်ကြသည်ဟု သိရသည်။
“ကျမလည်း ကြုံဖူးတယ်။ ရုံးပိတ်ရက် ခံသွားရင် နှစ်ရက်လောက် အမှောင်ထဲ နေပေရော့ပဲ။ သွားပြန်ဆောင်တဲ့ရက်ကျတော့လည်း ညနေလာမယ်၊ မနက်လာမယ်နဲ့ မသေမချာတွေ ပြန်ပြောတယ်။ ဖုန်းဆက်ရင်လည်း မကြိုက်ကြဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ကြောင့် ပြည်သူများသည် မီတာခ တစ်ရက်ကျော်၍ မီးဖြတ်ခံရခြင်းမှ မီးပြန်လည်ရရှိနိုင်ရန် နီးစပ်ရာ YESC မြေပြင်ဝန်ထမ်းများအား အကူအညီတောင်းခံရပြီး၊ ၎င်းတို့က ခြေကြွခအဖြစ် အနည်းဆုံး ကျပ်တစ်သောင်း တောင်းခံသည်ဟု သိရသည်။
“ဒီအတိုင်း ဖုန်းဆက်ရင် လာမယ်လာမယ်နဲ့ မလာဘူး။ ဘယ်လောက်ကျမလဲ ဘာလဲ နည်းနည်းကြည့်ကောင်းအောင် ပိုက်ဆံပေးဖို့ စကားကမ်းလှမ်းမှ လာပြင်တာ။ အဲလိုကျ ၁၅ မိနစ်မကြာဘူး လာပြင်တယ်။ ပြီးရင် အနည်းဆုံးက တစ်သောင်းပဲ” ဟု သုဝဏ္ဏမြို့၌ နေထိုင်သည့် အိမ်ထောင်ရှင်အမျိုးသားတစ်ဦးက ရှင်းပြသည်။
ထို့ပြင် YESC ဝန်ထမ်းများသည် လျှပ်စစ်မီးပြဿနာများကို ပြုပြင်ဖြေရှင်းရန် ရှိလာပါကလည်း အခြေအနေအပေါ် မူတည်၍ ငွေတောင်းကြမ်းကြကြောင်း ပြည်သူများက ပြောဆိုကြသည်။
“လေတိုက်လို့ မီးကြိုးတွေ ပြတ်ကုန်တာကို လာပြင်ဖို့ ခြေကြွခက သက်သက်၊ လက်ခက သက်သက် ပေးရတယ်။ တစ်အိမ်ကို နှစ်သောင်းခွဲလောက် တောင်းတာ။ သုံးလေးအိမ်ဆို discount တော့ ပေးတယ်။ ငါးထောင်လောက် လျှော့တာမျိုးပေါ့” ဟု တာမွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လျှပ်စစ်မီးပြဿနာများနှင့် ပတ်သက်ပြီး အိမ်တွင်းပြဿနာမဟုတ်ဘဲ မီတာဘောက်စ်ပြဿနာများ၊ ဓာတ်အားလိုင်းမှ ဓာတ်ကြိုးပြဿနာများအတွက် ပြင်ပပညာရှင်များ ပြုပြင်ခွင့်မရှိဘဲ YESC ဝန်ထမ်းများသာ ပြုပြင်ခွင့်ရှိသည်ဟု သိရသည်။
ယင်းကို အခွင့်ကောင်းယူကာ အဆိုပါဝန်ထမ်းများက မီတာခ တစ်ရက်ကျော်သည်နှင့် မီးလာဖြတ်ပြီး မီးပြန်ပေးရန် ငွေကြေးတောင်းခံကြခြင်း ဖြစ်သကဲ့သို့၊ မီးပြဿနာများ ဖြစ်လာပါကလည်း ပြုပြင်ရန် ငွေကြေးများ တောင်းခံနေကြခြင်းလည်း ဖြစ်သည်။
