ပြည်တွင်း ပြည်ပ တိုက်ခိုက်မှုများရှိနေသောကြောင့် လွှတ်တော်ကကူညီရမည်ဟု ခင်ရီပြော

ဓာတ်ပုံ-လူမှုကွန်ရက်

နိုင်ငံတော်ကို ပြည်တွင်းပြည်ပ အင်အားစုများက ဝိုင်းဝန်းတိုက်ခိုက်နေသည့် လက်ရှိအချိန်အခါမျိုးတွင် လွှတ်တော်မှ ကူညီပေးခြင်းသည် အကောင်းဆုံး အခန်းကဏ္ဍဖြစ်ကြောင်း အမည်ခံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်ရီက ပြောသည်။

မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဦးခင်ရီက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လွှတ်တော်လမ်းကြောင်းသည်သာ အဓိကကျကြောင်း ဆိုထားပြီး ဥပဒေ၏ အကာအကွယ်အောက်တွင် တိုင်းသူပြည်သားအားလုံး လုံလုံခြုံခြုံ နေထိုင်နိုင်ရေးအတွက် လွှတ်တော်မှ ကူညီဆောင်ရွက်ပေးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ မိန့်ခွန်းအတွင်း၌ ဦးခင်ရီသည် လက်ရှိ စစ်ကော်မရှင်အုပ်ချုပ်မှုကို ဆန့်ကျင်တွန်းလှန်နေသည့် ပြည်သူလူထု၏ နွေဦးတော်လှန်ရေး လှုပ်ရှားမှုများနှင့် စစ်ကော်မရှင်အပေါ် ဖိအားပေးနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ စောင်းမြောင်းဝေဖန် ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၏ ပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် တက်ကြွလှုပ်ရှားသူများအကြား ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြမှုများ ပေါ်ထွက်လာခဲ့ပါသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ကျောက်ပန်းတောင်းလို မြို့တွေမှာ သက်ကြီးပိုင်းတွေကိုပါမချန် ပေါ်တာဆွဲ ငွေညှစ်နေတာ၊ ပြည်သူ့ဆေးရုံကြီးတွေမှာ လူနာရှင်တွေ နည်းမျိုးစုံနဲ့ အဓမ္မ ဆက်ကြေးတောင်းခံနေရတာတွေဟာ ဥပဒေရဲ့ အကာအကွယ်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်” ဟု ထောက်ပြ သည်။

ထို့အပြင် ပြည်သူများအနေဖြင့် ဥပဒေ၏ အကာအကွယ်ကို ရရှိရန်ဝေးစွ၊ လက်ရှိအချိန်တွင် စစ်ကော်မရှင်နှင့် ၎င်း၏ လက်အောက်ခံ ဝန်ထမ်းအချို့၏ အဓမ္မ ပြုလုပ်မှုများကြောင့် နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း ကြံ့ခိုင်ရေးပါတီနှင့် စစ်ကော်မရှင်အုပ်စုသည် ၎င်းတို့ နိုင်ငံရေးအရ အကျပ်အတည်း ဆိုက်နေချိန်တိုင်းတွင် လွှတ်တော်လမ်းကြောင်းနှင့် အတုအယောင် ရွေးကောက်ပွဲများကိုသာ ထွက်ပေါက်အဖြစ် အမြဲတမ်း အသုံးချလေ့ရှိကြောင်း သုံးသပ်သည်။

၎င်းက “ပြည်တွင်းပြည်ပက ဝိုင်းဝန်းတိုက်ခိုက်နေတယ်ဆိုတာထက် စစ်ကော်မရှင်ရဲ့ မတရား အာဏာလုမှုနဲ့ ဖိနှိပ်မှုတွေကြောင့် တိုင်းပြည် ပျက်စီးနေတာ ဖြစ်ပါတယ်။ ဒါကို လွှတ်တော်နဲ့ ဖုံးကွယ်ဖို့ ကြိုးစားတာဟာ လှည့်စားမှုသက်သက်ပဲ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အမည်ခံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၏ ပြောကြားချက်များသည် မြေပြင်တွင် ပြည်သူများ ခံစားနေရသည့် ဒုက္ခများကို မျက်ကွယ်ပြု၍ စစ်ကော်မရှင်၏ တရားဝင်မှုကို လွှတ်တော်ပုံစံဖြင့် အသက်သွင်းရန် ကြိုးပမ်းသည့် ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သတ်မှတ်ထားကြသည်။