ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် အိမ်စီးကားတစ်စီး လမ်းဘေးသို့ တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ဦး ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။
ယနေ့(မေ၂၅ရက်)နံနက်၉နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၃၃/၆နှင့် ၃၃၃/၇ကြား၌ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလာသည့် အမျိုးသမီးတစ်ဦး စိုးရိမ်ရ ဒဏ် ရာရရှိကာ အမျိုးသား၃ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် သည်။
“မန္တလေးဘက်ကို သွားတဲ့ကားပါ။ အရှိန်ပါနေတဲ့အချိန်မှာ ကားဘီးပေါက်ပြီး လမ်းဘေးထိုးကျသွား တာ။ယာဉ်မောင်းက ဒဏ်ရာမစိုးရိမ်ရအဆင့်ပဲ ရှိတယ်။သေဆုံးအမျိုးသမီး၂ယောက်က ကယ်ဆယ် ရေးတွေ ရောက်တဲ့အချိန် ဆုံးနေပြီ။တစ်ယောက်က သက်လတ်ပိုင်း၊နောက်တစ်ယောက်က သက် ကြီးပိုင်း”ဟု ဒေသခံ လူမှုကူညီရေးသမားတစ်ဦးက MPA သို့ပြောသည်။
အရှိန်ဖြင့် ယာဉ်တိမ်းမှောက်ချိန်တွင် ကားပေါ်ရှိလူများ ကားအပြင်ဘက်သို့ လွင့်ထွက်သွားကြ ကြောင်း သိရသည်။
သေဆုံးနှင့် ဒဏ်ရာရသူများကို တံတားဦးမြို့နယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းယာဉ်တိမ်းမှောက်မှုကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
