ဗြိတိန်ကာကွယ်ရေးဝန်ကြီး လိုက်ပါလာသည့် ဗြိတိန်တော်ဝင်လေတပ် (RAF) လေယာဉ်တစ်စင်းသည် ပြီးခဲ့သည့်အပတ်က ရုရှားနယ်စပ်အနီး ပျံသန်းနေစဉ် လမ်းကြောင်းကြည့်သည့် လိုင်းများ နှောင့်ယှက် (Jamming) ခြင်းခံခဲ့ရကြောင်း ကာကွယ်ရေးသတင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ကာကွယ်ရေးဝန်ကြီး ဂျွန် ဟီလီသည် အက်စတိုးနီးယားနိုင်ငံရှိ ဗြိတိန်တပ်ဖွဲ့များထံသို့ သွားရောက်စစ်ဆေးပြီးနောက် မေလ ၁၉ ရက်နေ့က ဗြိတိန်နိုင်ငံသို့ အပြန်ခရီးတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခန့်မှန်းခြေ သုံးနာရီကြာ မြင့်တက်ပျံသန်းခဲ့သည့် အဆိုပါခရီးစဉ်အတွင်း လေယာဉ်၏ GPS လိုင်း နှောင့်ယှက်ခံခဲ့ရသဖြင့် လေယာဉ်ပေါ်ပါ စမတ်ဖုန်းများနှင့် လက်ပ်တော့ပ်များ အင်တာနက်လိုင်း ချိတ်ဆက်၍မရဘဲ ဖြစ်ခဲ့ရသလို၊ လေယာဉ်မောင်းများအနေဖြင့်လည်း အစားထိုး လမ်းကြောင်းပြစနစ်တစ်ခုသို့ ပြောင်းလဲအသုံးပြုခဲ့ကြရကြောင်း ဖော်ပြထားသည်။
မီဒီယာများတွင် ကိုးကားဖော်ပြထားသည့် ကာကွယ်ရေးသတင်းမြစ်တစ်ခုက ယခုဖြစ်စဉ်ကို “ရုရှား၏ မဆင်မခြင် နှောင့်ယှက်မှု” ဟု ခိုင်းနှိုင်းပြောဆိုခဲ့သော်လည်း၊ ဗြိတိန်တော်ဝင်လေတပ် (RAF) အနေဖြင့် ယခုကဲ့သို့သော လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကောင်းမွန်စွာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး ဟီလီကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဟုတ်မဟုတ်ကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း၊ ၎င်းစီးနင်းလာသည့် Dassault Falcon 900LX လေယာဉ်၏ ပျံသန်းမှုလမ်းကြောင်းကို အွန်လိုင်းလေယာဉ်ခြေရာခံ ဝဘ်ဆိုက်များတွင် အလွယ်တကူ မြင်တွေ့နေခဲ့ရကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။
သတင်းထောက်များနှင့် ဓာတ်ပုံဆရာများအပါအဝင် လေယာဉ်ပေါ်ပါ ခရီးသည်များကိုမူ ယခုကဲ့သို့ လိုင်းနှောင့်ယှက်မှုများ ရှိနေလင့်ကစား လေယာဉ်အနေဖြင့် ဘေးကင်းစွာ လိုက်ပါလာ နိုင်ကြောင်း Sky News ရုပ်သံလိုင်းက ဆိုသည်။
GPS လိုင်းများ နှောင့်ယှက်ဖျက်ဆီးခြင်းသည် ခေတ်သစ်စစ်ပွဲများတွင် အသုံးများသော နည်းဗျူဟာတစ်ခု ဖြစ်လာခဲ့ပြီး၊ ယင်းလုပ်ရပ်များသည် ရုရှားနိုင်ငံနှင့် မကြာခဏ ဆက်စပ်မှုရှိနေကြောင်း Sky News က ဖော်ပြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလေယန် လိုက်ပါလာသည့် လေယာဉ်တစ်စင်းသည် GPS လိုင်း နှောင့်ယှက်ခြင်းခံရသည်ဟု သံသယရှိဖွယ် ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရဖူးသည်။
အဆိုပါ လေယာဉ်သည် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူများက ပြောကြားခဲ့ပြီး၊ ဘူဂေးရီးယားအာဏာပိုင်များထံမှ ရရှိသည့် အချက်အလက်များအရ ယင်းလုပ်ရပ်အတွက် ရုရှားတွင် တာဝန်ရှိကြောင်း ထောက်ပြခဲ့ကြသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် မတ်လအတွင်းကလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်း ဂရန့် ရှာ့ပ်စ် လိုက်ပါလာသည့် တော်ဝင်လေတပ်လေယာဉ်တစ်စင်းသည် ရုရှားပိုင်နက်အနီး ပျံသန်းစဉ် မိနစ် ၃၀ ခန့်ကြာ GPS လိုင်း နှောင့်ယှက်မှုကို ကြုံတွေ့ခဲ့ရဖူးကြောင်း Sky News တွင် ဖော်ပြထားသည်။
