စစ်အာဏာရှင်ကို အမြန်တိုက်ထုတ်နိုင်ရေးအတွက် ရာမညမွန်တပ်တော်-RMA အနေဖြင့် အင်အားအရ ကြီးထွားလာရန်လိုသလို စွမ်းဆောင်ရည်လည်း တိုးတက်လာရန်လိုကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP(AD) ဥက္ကဌ နိုင်ဇေယျက ပြောသည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းမှသာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် မွန်ပြည်ပေါ်ထွန်းနိုင် မည် ဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့်အတူ ၎င်းကို အကာအကွယ်ပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တိုက်ဖျက်ရေးသည် ပထမဦးစားပေး လုပ်ငန်းဖြစ်ကြောင်း မေလ ၂၄ ရက်က ကျင်းပသည့် ရာမညမွန်တပ်တော် RMA တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား၌ NMSP(AD) ဥက္ကဌ နိုင်ဇေယျက ပြောသည်။
“ရာမည မွန်ပြည်ထွန်းရေးအတွက် ကျနော်တို့ ရာမညမွန်တပ်တော်အနေနဲ့ မွန်ပြည်သူများနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ အခက်အခဲစိန်ခေါ်မှုတွေကို စုစည်းမှုအား ၊ ညီညွတ်မှုအား ၊ ကြံ့ခိုင်မှုအားနှင့် ကျော်လွှားသွားမှာ ဖြစ်တယ်။ လက်ရှိတော်လှန်ရေးမှာ အခက်အခဲမျိုးစုံကြားမှ ရာ မညမွန်တပ်တော်ကို အကြံဥာဏ် ၊ နည်းပညာ ၊ငွေကြေး စသဖြင့် ဘက်ပေါင်းစုံ ပံ့ပိုးကူညီပေးနေတဲ့ ပြည်သူလူထုတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင် ရှိပါကြောင်း ဒီနေရာကနေ ပြော ကြားလိုတယ်”ဟု ၎င်းကဆိုသည်။
ရာမညမွန်တပ်တော်အဖြစ် ဖွဲ့စည်းပြီး တစ်နှစ်တာအတွင်းအောင်မြင်မှုများ ရရှိခဲ့သလို အခက်အခဲ ၊ စိန်ခေါ်မှုများစွာနှင့်လည်း ကြုံတွေ့နေရကြောင်း ၊ ရရှိလာသည့် အောင်မြင်မှုများသည် ရဲဘော်တို့၏ ကြိုးစားအားထုတ်မှုနှင့် ပြည်သူလူထု၏ အားပေးထောက်ခံမှုကြောင့် ဖြစ်ကြောင်း အောင်မြင်မှုများ ဆက်တိုက်ရရှိနိုင်ရေးအတွက် ရဲဘော်များ ဆက်လက် ကြိုးစားကြရန်လည်း ၎င်းကတိုက်တွန်းသည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသည့် မွန်ပြည် တည်ဆောက်ရေး ရည်ရွယ်ချက်များဖြင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD ၊ မွန်ပြည်လွတ် မြောက်ရေးတပ်တော် M.L.A နှင့် မွန်လွတ်မြောက်ရေးတပ်တော် (MLF) တို့ ပေါင်းစုပြီး ရာမညမွန်တပ်တော်-RMA ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယခုကဲ့သို့ မွန်တော်လှန်ရေး တပ်များ ပေါင်းစုနိုင်ခြင်းသည် မွန်တော်လှန်ရေးအတွက် အားကောင်းစေကာ စစ်အာဏာရှင်ကို ထိရောက်စွာ တိုက်ခိုက်နိုင်လာကြောင်းနှင့် အခြားမွန်တပ်များနှင့်လည်း ပေါင်းစုနိုင်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သေးသည်။
စာတည်း-ML
ဓာတ်ပုံ – ရာမည မွန်တပ်တော် RMA
ပုံစာ – RMA ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အခမ်းအနား ။
