ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်းရှိ စစ်တပ် အလိုကျ လုပ်ဆောင်နေသည့် ရာအိမ်မှူးကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင်အမှတ်တစ်တပ်ရင်းက ယနေ့ (မေလ ၂၆ရက်) သတင်းထုတ်ပြန်သည်။
ပေါင်းတည်မြို့နယ်၊ ရွာသစ်ကြီးအုပ်စု၊ ရှမ်းစပ်ကျေးရွာရှိ ရာအိမ်မှူးမြင့်အေးကို မေလ ၂၃ရက်၊ နံနက် ၅နာရီခန့်က ၎င်း၏နေအိမ်အတွင်းမှာပင် ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” နေအိမ်ထဲမှာတော့ သူ့မိသားစုရှိတာပေါ့နော်။ ဒါပေမဲ့၊ ကျနော်တို့က မဆိုင်တဲ့သူကို ပစ်ခတ်တာတို့၊ ထိခိုက်အောင်တို့ ဘယ်အရာမှ မလုပ်ပါဘူးဗျာ။ သက်ဆိုင်တဲ့သူကိုပဲ ကျနော်တို့ အပြစ်ပေးအရေးယူ တာပါခင်ဗျ” ဟု ပြည်ခရိုင်အမှတ်တစ်တပ်ရင်း၊ ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadowက MPA သို့ပြောသည်။
ပစ်ခတ်မှုပြီးနောက် ယင်းနေ့ နံနက်ပိုင်းမှာပင် စစ်တပ်က ရုပ်အလောင်းလာသယ်သွားကြောင်း သိရသည်။
” ကျနော်တို့လည်း အချိန်တော့ အရမ်းကြီး မတိကျတော့ဘူးထင်တယ်။ ၇နာရီခွဲ၊ ၈နာရီခွဲ ပတ်လည် လောက်ပေါ့နော်။ အဲ့မှာ အလောင်းလာကောက်တယ်။ မိသားစုကို စစ်တာဆေးတာတွေ လုပ်သွား တယ်။ အဲ့နားပတ်ဝန်းကျင်ကို စစ်တာဆေးတာတွေ လုပ်သွားတယ်ပေါ့နော်” ဟု ၎င်းက ဆက်လက် ပြောသည်။
ရာအိမ်မှူးမြင့်အေးသည် စစ်မှုထမ်းကြေးဟုဆိုကာ ရွာသစ်ကြီးအုပ်စုအတွင်း တစ်အိမ်ထောင်လျှင် ကျပ် ၅သောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲ စသည်ဖြင့် ကောက်ခံပြီး စစ်တပ်ထံသို့ ပေးကာ ကိုယ်တိုင် လည်း သုံးစွဲနေသူဖြစ်ကြောင်း သိရသည်။
ရာအိမ်မှူးမြင့်အေးကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရသူ ၅ဦးထက်မနည်းရှိကြောင်းလည်း သိရသည်။
စာတည်း-ML
