ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(မေ၂၉ ရက်)သတင်းထုတ်ပြန်သည်။
ခလရ ၂၆၄တပ်ရင်းမှ ၁၅၅မမ ဟောင်ဝှစ်ဇာအမြောက် ၂လုံးကို မေလ၂၆ရက်က ပစ်ခတ်ခဲ့ခြင်းဖြစ် ပြီး ညောင်လေးပင်ခရိုင်(ခလယ်လွီထူ)၊ကျောက်ကြီး(လယ်ဒို)မြို့နယ်၊ကျွန်းကြီးကျေးရွာထဲသို့ ကျ ရောက်ပေါက်ကွဲခဲ့ရာ အသက်၅၂နှစ်နှင့် ၆၁နှစ်အရွယ် အမျိုးသား၂ဦးနှင့် အသက်၃၆နှစ်အရွယ် အမျိုး သမီးတစ်ဦး ဒဏ်ရာရကာ ပြည်သူ့နေအိမ်၃လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ခလရ၂၆၄ ဆိုတာ ပိန်းဇလုပ်မြို့မှာ အခြေစိုက်တာ။ လတ်တလော ကျောက်ကြီးဘက်ကို စစ် ကြောင်းတွေ ဝင်နေလို့ လမ်းကြောင်းရှင်းတဲ့အနေနဲ့ လက်နက်ကြီး ရမ်းပစ်ပေးနေတာ။အခု လက် နက်ကြီးကျတဲ့ရွာက မနှစ်တုန်းက မင်္ဂလာပွဲလုပ်နေတဲ့အိမ်ကို စစ်တပ်က ဗုံးကြဲခဲ့တဲ့ရွာ”ဟု ညောင် လေးပင်ခရိုင်အခြေစိုက် PDF သတင်းရင်းမြစ်က ပြောသည်။
ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဥ်များဖြင့်ပါ နေ့စဥ်နေ့တိုင်း အပြစ်မဲ့အရပ်သား ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်လျက်ရှိသောကြောင့် ဒေသခံများ စိုးရိမ် ကြောက်ရွံ့မှုများစွာဖြင့် နေထိုင်နေကြရကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
၂၀၂၅ခုနှစ်၊မေလ၂၅ရက် နံနက်ပိုင်းတွင် ကျွန်းကြီးကျေးရွာအတွင်းရှိ မင်္ဂလာဧည့်ခံပွဲ ကျင်းပနေ သည့်အိမ်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ၁၃ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ကျော် ဒဏ်ရာရခဲ့သည်။
စာတည်း-ML
