မွန်ပြည်နယ်၊ဘီးလင်းမြို့ပေါ်နေ လူငယ်တစ်ဦးကို စစ်သားများက သေနတ်ဖြင့် ဝိုင်းပစ်သတ် ပြီး နောက် PDF တို့ ပစ်သယောင် လုပ်ကြံဇာတ်ခင်းနေကြောင်း သိရသည်။
ဘီးလင်းမြို့ပေါ်ရှိ ကားပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အသက်၂၅နှစ်ကျော်အရွယ်ရှိ ကိုထွန်းထွန်းသည် မေလ၂၈ရက်၊နံနက်အစောပိုင်းက သထုံဘက်မှ ဘီးလင်းမြို့သို့ ပြန်လာစဉ် ဘီးလင်းမြို့နယ်၊ ဒေါက် ရပ်ရွာစာသင်ကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်၌ စစ်သားများ သေနတ်ဖြင့် ဝိုင်းပစ် ကြခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ဒေါက်ရပ်ရွာစာသင်ကျောင်းဆိုတာ စစ်တပ်က တပ်စွဲထားတဲ့ ဘီးလင်းတိုးဂိတ်နဲ့နီးနီးလေးပဲ။ အဲဒီ နေရာကို ဘယ်PDF မှ လာပစ်ဖို့ မဖြစ်နိုင်ဘူး”ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။
ကိုထွန်းထွန်း၏ကားကို မစောတံတားဂိတ်စောင့်စစ်သားများက တားဆီးရာ မကြား၍ ဆက် လက် မောင်းနှင်ခဲ့ကြောင်း ယင်းတံတားစောင့်စစ်သားများက ဘီးလင်းတိုးဂိတ်ရှိ စစ်သားများထံသို့ ဆက် သွယ် အ ကြောင်းကြားသဖြင့် ဝိုင်းပစ်ကြခြင်းဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြု နိုင် ခြင်း မရှိကြောင်း သထုံမြို့၊မင်းလမ်းနေ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဘာ့ကြောင့် ဝိုင်းပစ်သလဲဆိုတာတော့ သတင်းထွက်နေသလို ဟုတ်၊မဟုတ် မသိဘူးပေါ့နော်။ ပစ် တာက အချက်ရေ များတယ်။အသေဝိုင်းပစ်ကြတယ်။ပစ်တဲ့နေရာက တိုးဂိတ်နားမှာ။ကျနော်တို့ သ ထုံ၊ဘီးလင်း၊ကျိုက်ထိုမှာ နေတဲ့လူတိုင်းသိတယ်။ ဒီနေရာမှာ စစ်သားကလွဲပြီး ဘယ်သူမှ ကပ်လို့မ ရတာ။ဒါပေမဲ့၊အခု စစ်တပ်က ဘီးလင်းမှာ လျှောက်ပြောနေတာက PDF လာပစ်တယ်ဆိုပြီးတော့” ဟု ၎င်းက MPAသို့ပြောသည်။
စစ်အုပ်စု ဝါဒဖြန့် မီဒီယာ Eleven နှင့် ရာမညတိုင်းမ်တို့တွင် ယင်းပစ်ခတ်မှုသတင်းကို ဖော်ပြကြ သော်လည်း မည်သူက ပစ်ခတ်သလဲဆိုသည်ကိုမူ ချန်လှပ်ထားသည်။
ကိုထွန်းထွန်းမှာ ကျည်သင့်ဒဏ်ရာများစွာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေသခံ လူမှုကူညီရေးအဖွဲ့က ဘီးလင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ဒေသခံလူမှုကွန်ရက်များ
ပုံစာ- စစ်တပ်က ပစ်ခတ်ပြီးနောက် မြင်ကွင်း။
စာတည်း-ML
