ခရိုနီ ကိုကိုလတ်၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူး အိုက်စလန် ရုပ်သိမ်း

အိုက်စလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခရိုနီကိုကိုလတ်ကို ရာထူးမှ ရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

မြန်မာခရိုနီ ကိုကိုလတ်သည် အိုက်စလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို ၁၁ ပတ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် မိမိဆန္ဒအလျောက် နုတ်ထွက်စာတင်ခဲ့ ကြောင်းနှင့် ၎င်းရာထူးကို မေလ ၁၅ ရက်မှစ၍ တရားဝင် ရုပ်သိမ်းလိုက်ကြောင်း အိုက်စလန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက Justice For Myanmar သို့ အတည်ပြုပြောကြားခဲ့သည်ဟု သိရသည်။

အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားသည့် အဖွဲ့အစည်းများ အပါအဝင် ကိုကိုလတ်၏ စစ်အုပ်စုနှင့် စီးပွားရေးဆက်နွှယ်လုပ်ကိုင်နေမှုများအကြောင်း ဖော်ပြထားသည့် စာတစ်စောင်ကို မတ်လ ၂၇ ရက်တွင် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး Þorgerður Katrín Gunnarsdóttir ထံသို့ ပေးပို့ခဲ့ကာ ၎င်းအား ကောင်စစ်ဝန်ရာထူးမှ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပြီးနောက် ယင်းအပေါ် အိုက်စလန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်စစ်ဆေး၍ ယခုကဲ့သို့ ရာထူးရုပ်သိမ်းမှု ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်း သိရသည်။

” ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကို ရုပ်သိမ်းပေးဖို့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်အပေါ် အိုက်စ လန်နိုင်ငံက အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းကို ကျွန်ုပ်တို့ကြိုဆိုလိုက်ပြီး ဒီလုပ်ရပ်ဟာ အခြားသောအစိုးရတွေ လိုက်နာဆောင်ရွက်သင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။

JFC ၏ပေးစာတွင် အီးယူ ၏ ဒဏ်ခတ် ပိတ်ဆို့မှုစာရင်း၌ ပါဝင်နေသော စစ်အုပ်စု တရားမဝင် ထိန်း ချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE)၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နှင့် ကိုကိုလတ်တို့အကြား စီးပွားဆက်ဆံလုပ်ကိုင်နေမှု အသေးစိတ်ကို ဖော်ပြခဲ့သည်။

” ကိုကိုလတ်အနေနဲ့ MTE၊ MEHL တို့နဲ့ စီးပွားရေးလုပ်ဆောင်နိုင်ခြင်းဟာ သူနဲ့ သူ့ရဲ့လုပ်ငန်းစုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရှိသေးတာကြောင့် ဖြစ်ပါတယ်။ အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့အနေနဲ့ ကိုကိုလတ် အပါအဝင် K K Business Group နဲ့ ၎င်းရဲ့ ဒါ ရိုက်တာတွေ၊ ပိုင်ရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်” ဟု မရတနာမောင်က ဆက်လက် ပြောသည်။

စစ်အုပ်စုသည် ၎င်းတို့ တရားမဝင် ထိန်းချုပ်ထားသော MTE နှင့် အခြားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေများကို အသုံးပြု၍ ပိုမိုကျယ်ပြန့်သော တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် လိုအပ်သည့် လက်နက်များနှင့် လေယာဉ်ဆီများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

စာတည်း-ML